အမေရိကန် ပြည်ထောင်စု စစ်ကာကွယ်ရေး ဝန်ကြီးဌာန (Pentagon) သည် တရုတ်နိုင်ငံ၏ ထိပ်တန်း အရပ်ဘက် တက္ကသိုလ်ကြီးနှစ်ခုဖြစ်သော ဖူတန်တက္ကသိုလ် (Fudan University) နှင့် ရှန်ဟိုင်းကျောင်းထုန်းတက္ကသိုလ် (Shanghai Jiao Tong University) တို့ကို အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် Section 1286 နာမည်ပျက်စာရင်း (Blacklist) သို့ ထည့်သွင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
Section 1286 နာမည်ပျက်စာရင်းသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် သိပ္ပံဆိုင်ရာ ဂုဏ်သိက္ခာကို ခြိမ်းခြောက်နိုင်သည့် သုတေသနဆိုင်ရာ ကြားဝင်စွက်ဖက်မှုများ သို့မဟုတ် နည်းပညာလွှဲပြောင်းယူမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသည့် အဖွဲ့အစည်းများကို ထည့်သွင်းသည့် စာရင်းဖြစ်သည်။ အမေရိကန် အစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော သုတေသနလုပ်ငန်းများ အလွဲသုံးစားပြုလုပ်ခံရနိုင်ခြေကို လျှော့ချရန်အတွက် ယခုကဲ့သို့ အရေးယူပိတ်ပင်ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုစာရင်းတွင် တရုတ်၊ ရုရှားနှင့် အီရန်နိုင်ငံတို့မှ တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်း ၁၀၀ ကျော် ပါဝင်နေပြီး၊ ယခင်က Beihang University၊ Beijing Institute of Technology စသည့် စစ်ဘက်နှင့် နီးစပ်သော တက္ကသိုလ်များ ပါဝင်ခဲ့သော်လည်း ယခုအခါ ထိပ်တန်း အရပ်ဘက် တက္ကသိုလ်ကြီးများအထိ ပါဝင်လာခြင်းဖြစ်သည်။ ကန့်သတ်ချက်များ၏ သက်ရောက်မှုအဆိုပါ ဆုံးဖြတ်ချက်ကြောင့် ၂၀၂၆ ဘဏ္ဍာရေးနှစ်မှစ၍ အမေရိကန် စစ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ရန်ပုံငွေများကို အသုံးပြု၍ အဆိုပါ နာမည်ပျက်စာရင်းပါ တက္ကသိုလ်များနှင့် ပူးပေါင်းသုတေသနပြုလုပ်ခြင်းများ ဆောင်ရွက်ခွင့်ကို ပိတ်ပင်သွားမည်ဖြစ်သည်။ ထို့အပြင် အမေရိကန် အဆင့်မြင့်ပညာရေး အဖွဲ့အစည်းများအနေဖြင့် အဆိုပါ တက္ကသိုလ်များနှင့် ပူးပေါင်း၍ သုတေသနပြုလုပ်ခြင်း သို့မဟုတ် ၎င်းတို့၏ စက်ပစ္စည်းကိရိယာများကို အသုံးပြုခြင်းများ လုံးဝပြုလုပ်ခွင့်ရှိမည် မဟုတ်ပေ။ အဆိုပါ ကျောင်းများနှင့် ဆက်စပ်သူများနှင့် ပူးပေါင်းဆောင်ရွက်သည့် သုတေသနပညာရှင်များသည် အမေရိကန် ဖက်ဒရယ်အစိုးရ၏ သုတေသနရန်ပုံငွေများ လျှောက်ထားခွင့် ရုပ်သိမ်းခံရသည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မဟာဗျူဟာမြောက် ကိစ္စရပ်နှင့် အနာဂတ်သုတေသနနှင့် အင်ဂျင်နီယာဆိုင်ရာ အမေရိကန် စစ်ကာကွယ်ရေး ဒုတိယဝန်ကြီး Emil Michael က ယခုစာရင်းပါ အဖွဲ့အစည်းများသည် စိုးရိမ်ဖွယ်ရာ မသမာသည့် ပြုမူဆောင်ရွက်ချက်များရှိကြောင်းနှင့် အမေရိကန်၏ သုတေသန ရန်ပုံငွေများကို လမ်းကြောင်းလွဲအသုံးပြုမှုများ တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။ယခုလုပ်ဆောင်ချက်သည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများ ပေါင်းစည်းလာသည့် ခေတ်ရေစီးကြောင်းတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား နည်းပညာနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကြီးမားသည့် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ရရှိသည်။
ref:
https://www.thestandard.com.hk/world/article/338096/US-blacklists-Fudan-Shanghai-Jiao-Tong-universities-over-national-security-fears




