ကျွန်တော်တို့ ငယ်ငယ်တုန်းက James Bond ရုပ်ရှင်တွေမှာပဲ မြင်တွေ့ခဲ့ရတဲ့ Spy မျက်မှန်တွေဟာ Meta ရဲ့ကျေးဇူးနဲ့ လက်တွေ့မှာ အကောင်အထည်ပေါ်လာခဲ့ပါပြီ။ USD $300 ကနေ $700 ပေးရုံနဲ့ ဒီမျက်မှန်ကနေ ဓာတ်ပုံရိုက်နိုင်၊ ဗီဒီယိုရိုက်နိုင်၊ အသံဖမ်းနိုင်တဲ့အပြင် ဖုန်းခေါ်တာတွေနဲ့ AI ကိုမေးတာတွေပါ လုပ်လို့ရနေပါပြီ။ ၂၀၂၅, စက်တင်ဘာ မှာ စတင် ဖြန့်ချိခဲ့တဲ့ Meta Glasses ဟာ ခုချိန်မှာတော့ အလွန်ရေပန်းစားလျက်ရှိပြီးတော့ Social Media ပေါ်မှာ Content Creator တွေ အများအပြား အသုံးပြုလာကြတာကို တွေ့ကြရမှာပါ။ Facebook နဲ့ Instagram တွေပေါ်မှာ Travel Vlog တွေ၊ ဟင်းချက်တဲ့ ဗီဒီယိုတွေနဲ့ Prank video တွေအပြင် တခြား content တွေအစုံကို Meta Glasses တွေနဲ့ ရိုက်ကူးပြီး တင်လာကြတာဟာလည်း ပိုမိုများပြားလာပါတယ်။
Meta Glasses တွေဟာ ဗီဒီယိုနဲ့ အသံဖမ်းတာတင်မကပဲ နောက်ထပ်အများကြီးလုပ်နိုင်ပါတယ်။ “Hey Meta” လို့ခေါ်လိုက်ရုံနဲ့ မျက်မှန်ကနေတဆင့် မြင်နေရတာတွေက ဘာလဲဆိုတာကို စက္ကန့်ပိုင်းအတွင်း Meta AI ရဲ့ အကူအညီနဲ့ လိုချင်တဲ့ အဖြေကိုရနိုင်ပါတယ်။
ဒါပေမဲ့ နည်းပညာတိုးတက်မှုဟာ ကောင်းကျိုးရှိသလို ဆိုးကျိုးတွေဟာလဲ နောက်ကနေ တန်းစီပြီးတော့ လိုက်လာနိုင်ပါတယ်။ Meta Glasses တွေရဲ့ အစိုးရိမ်ရဆုံးအချက်ကတော့ privacy ပဲဖြစ်ပါတယ်။ ဒီမျက်မှန်တွေနဲ့ ဗီဒီယိုရိုက်ကူးရတာဟာ အလွန်လွယ်ကူတာကြောင့် လူတွေကြားထဲမှာ record လုပ်တယ်ဆိုလို့ရှိရင် ရိုက်ကူးခံရသူတွေဟာ သူတို့ရဲ့ သဘောတူညီချက်မရှိပဲ ရိုက်ကူးခံရနိုင်ပါတယ်။ Meta glasses အသစ်တွေမှာ visual indicator (recording လုပ်တဲ့ အချန်မှာ ပေါ်တဲ့ အလင်းရောင်) ပါတယ်ဆိုပေမဲ့ လူတွေကတော့ သတိပြုမိဖို့အတွက် မှိန်လွန်းတယ်လို့ ဝေဖန်နေကြပါတယ်။ အကယ်၍ အရေးကြီးတဲ့ အစည်းအဝေးတွေ၊ အစိုးရရုံးခန်းတွေကို ဒီမျက်မှန်နဲ့ ဝင်သွားပြီး record လုပ်မိရင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားအောင်လုပ်ဖို့ အင်မတန်လွယ်ကူတာကို စဥ်းစာကြည့်နိုင်ပါတယ်။
ပိုဆိုးတဲ့အချက်ကတော့ မျက်မှန်ကနေ ရိုက်ကူထားတာတွေကနေပြီး Meta ဆီကိုရောက်သွားနိုင်တဲ့အချက်ပါ။ Meta ဟာ Google တို့၊ Microsoft တို့လို့မျိုး အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းတဲ့ သမိုင်းရှိပါတယ်။ Facebook၊ Instagram အစရှိတဲ့ social media platform တွေကအချက်အလက်တွေကို စုဆောင်းပြီး ကြော်ငြာထည့်မယ့်သူတွေကိုရောင်းချပါတယ်။ အသုံးပြုသူလိုချင်နိုင်တဲ့ ကုန်ပစ္စည်းတွေကို ကြော်ငြာ (Ads) အဖြစ်နဲ့ ပြပြီး ဒီ AI ခေတ် မှာတော့ Ads တင်မကတော့ပဲ ဒီ အချက်အလက်တွေကို AI model တွေ train ဖို့အတွက်ပါ သုံးနေကြပါပြီ။
Meta glasses တွေမှာ ရိုက်ကူထားတဲ့ ဗီဒီယိုအချက်အလက်တွေကို Meta ဆီကိုပို့တဲ့ ရွေးချယ်တဲ့ အချက်မှာ အလိုအလျောက်ဖြစ်နေတာကြောင့် Meta ကို အချက်အလက်တွေမပေးချင်ဘူးဆိုရင် opt-out လုပ်ဖို့လိုပါလိမ့်မယ်။ အသုံးပြုသူတွေ တော်တော်များများက ဒါတွေကို မသိတာ၊ ဂရုမစိုက်တာတွေကြောင့် Meta ဟာ အချက်အလက်တွေကို အမြဲစုဆောင်း နေနိုင်ပြီး data စု၊ ကြော်ငြာရောင်းတဲ့ သံသရာ ယန္တရားဟာ လည်ပတ်နေပါတယ်။
မြန်မာနိုင်ငံမှာတော့ Meta glasses တွေဟာ စျေးနှုန်းကြောင့် popular မဖြစ်သေးပေမဲ့ နောင်တချိန်မှာ စျေးနှုန်းသက်သာလာနိုင်ပြီး နိုင်ငံတိုင်း လူတိုင်းဝယ်ယူနိုင်တဲ့ အခြေအနေရောက်လာနိုင်ပြီး ဒီမျက်မှန်တွေကို ကောင်းကျိုးအတွက်လည်းအသုံးပြုနိုင်သလို ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း သတိပြုဖို့လိုပါတယ်။




