,

Coursera နှင့် Udemy ပူးပေါင်းပြီး AI ခေတ်အတွက် ကမ္ဘာ့အကြီးဆုံး ကျွမ်းကျင်မှုဖွံ့ဖြိုးရေး ပလက်ဖောင်း တည်ဆောက်

၂၀၂၆ ခုနှစ် မေလ ၁၁ ရက်နေ့မှာ အွန်လိုင်းပညာရေးနဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးရေး နယ်ပယ်ရဲ့ အဓိကကုမ္ပဏီများဖြစ်တဲ့ Coursera နှင့် Udemy တို့ရဲ့ ပူးပေါင်းမှု တရားဝင်ပြီးဆုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ ပူးပေါင်းမှုက AI နည်းပညာအခြေပြု အလုပ်အကိုင်ဈေးကွက်အတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။

Coursera ရဲ့ အမှုဆောင်အရာရှိချုပ် Greg Hart က “ယခု ပူးပေါင်းမှုဟာ ကျွန်ုပ်တို့ကုမ္ပဏီနှစ်ခုအတွက် အခန်းကဏ္ဍသစ်တစ်ခုရဲ့အစဖြစ်ပါတယ်။ Coursera နဲ့ Udemy တို့ ပူးပေါင်းခြင်းအားဖြင့် AI ခေတ်အတွက် ကမ္ဘာ့အပြည့်စုံဆုံး ကျွမ်းကျင်မှုဖွံ့ဖြိုးရေး ပလက်ဖောင်းကို တည်ဆောက်နိုင်မဲ့ အင်အား၊ ဒေတာနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို ပိုင်ဆိုင်လာပြီဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ယနေ့ခေတ်မှာ AI နည်းပညာဟာ အလုပ်အကိုင်အမျိုးမျိုးအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို အလွန်လျင်မြန်စွာ ပြောင်းလဲစေတာမို့ လူပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းများအနေနဲ့ ကျွမ်းကျင်မှုအသစ်တွေကို အဆက်မပြတ် လေ့လာတတ်မြောက်နေဖို့ လိုအပ်လာပါတယ်။ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ Coursera နဲ့ Udemy တို့အနေနဲ့ ပညာရေးနဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေကို ပိုမိုချိတ်ဆက်ပေးနိုင်မဲ့ AI အခြေပြု နည်းလမ်းတွေကို ဖန်တီးသွားမယ်လို့ ဆိုပါတယ်။

ပူးပေါင်းထားတဲ့ ကုမ္ပဏီသစ်အနေနဲ့ ကမ္ဘာတဝန်းမှ သင်ယူသူပေါင်း သန်း ၂၉၀ ကျော်၊ လုပ်ငန်းဖောက်သည် ၁၈,၀၀၀ ကျော်၊ သင်ကြားပို့ချသူ ၉၅,၀၀၀ ကျော်နဲ့ တက္ကသိုလ်များ၊ စက်မှုလုပ်ငန်းမိတ်ဖက်များစွာ ပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရေးဂေဟစနစ်တစ်ခုကို ပေါင်းစည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီအသစ်အနေနဲ့ AI အခြေပြု ထုတ်ကုန်ဆန်းသစ်တီထွင်မှုများကိုလည်း ပိုမိုမြှင့်တင်သွားမှာ ဖြစ်ပြီးတော့ သင်ယူသူများရဲ့ အပြုအမူ ဆိုင်ရာဒေတာအချက်အလက်များနဲ့ အလုပ်ရှင်များလိုအပ်တဲ့ ကျွမ်းကျင်မှုဆိုင်ရာ အချက်အလက်များကို ပေါင်းစပ်အသုံးပြုပြီး ပိုမိုထိရောက်တဲ့ ကိုယ်ပိုင်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်ယူမှုအတွေ့အကြုံတွေကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

Coursera နဲ့ Udemy တို့ရဲ့ ပူးပေါင်းမှုဟာ “Skills-first Future” လို့ ခေါ်တဲ့ ကျွမ်းကျင်မှုအခြေပြု အနာဂတ်အလုပ်အကိုင်စနစ်ကို အရှိန်မြှင့်တင်ပေးနိုင်မည်ဟုလည်း မျှော်လင့်ပြီး၊ အဲ့ဒီကမှတစ်ဆင့် လူငယ်များနဲ့ အလုပ်သမားများဟာ AI နဲ့ နည်းပညာပြောင်းလဲမှုများနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ကျွမ်းကျင်မှုအသစ်တွေကို ရရှိနိုင်ပြီးတော့၊ အဖွဲ့အစည်းများအနေနဲ့လည်း အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းတွေကို ပိုမိုလျင်မြန်စွာ မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

စီးပွားအကျိုးအမြတ်အနေနဲ့ ဒီ ပူးပေါင်းမှုကြောင့် ၂၀၂၅ ခုနှစ်အတွက် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁.၅ ဘီလီယံကျော် ရရှိနိုင်မည်ဟု ခန့်မှန်းထားပြီး လာမဲ့ ၂၄ လအတွင်း စရိတ်လျှော့ချမှုနဲ့ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုတွေကနေ တစ်နှစ်မှာ ဒေါ်လာ ၁၁၅ သန်းခန့် ရရှိနိုင်မယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။

Coursera ကို ၂၀၁၂ ခုနှစ်မှာ Andrew Ng နဲ့ Daphne Koller တို့က “ကမ္ဘာ့အဆင့်မီပညာရေးကို လူတိုင်းလက်လှမ်းမီစေရန်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့ပြီး ခုချိန်မှာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းသင်ကြားရေးပလက်ဖောင်းများထဲမှ တစ်ခုဖြစ်လာပြီး AI၊ Data Science၊ နည်းပညာနဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေမှာ သင်တန်းများ၊ Certificate များနှင့် ဘွဲ့အစီအစဉ်များကို ကမ္ဘာတဝန်းရှိ သင်ယူသူများအတွက် ပံ့ပိုးပေးလျက်ရှိနေတာဖြစ်ပါတယ်။

Udemy ကတော့ ကမ္ဘာတဝန်းရှိ လူများအတွက် အွန်လိုင်းမှတဆင့် ကျွမ်းကျင်မှုနဲ့ ပညာရပ်များကို လေ့လာနိုင်စေရန် ရည်ရွယ်တည်ထောင်ထားတဲ့ အွန်လိုင်းသင်ကြားရေးပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ Turkey နိုင်ငံဖွား စွန့်ဦးတီထွင်သူ Eren Bali၊ Oktay Caglar နဲ့ Gagan Biyani တို့က တည်ထောင်ခဲ့ပြီး အမေရိကန်နိုင်ငံ၊ California ပြည်နယ်မှာ အခြေစိုက်ပါတယ်။

Udemy ဟာ နည်းပညာ၊ စီးပွားရေး၊ ဒီဇိုင်း၊ ဘာသာစကား၊ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုနှင့် AI ဆိုင်ရာ ဘာသာရပ်များအပါအဝင် သင်တန်းပေါင်းများစွာကို ပံ့ပိုးပေးလျက်ရှိပြီး၊ အခြားသော ပညာရေးပလက်ဖောင်းများနှင့် မတူတဲ့အချက်ကတော့ ဘယ်သူမဆို ကိုယ်ပိုင်သင်တန်းတွေ ဖန်တီးပြီး သင်ကြားပို့ချနိုင်တဲ့ “Instructor Marketplace” စနစ်ကို အသုံးပြုထားခြင်းဖြစ်ပါတယ်။

AI နည်းပညာအလျင်အမြန် ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်မှာ Coursera နဲ့ Udemy တို့ရဲ့ ပူးပေါင်းမှုဟာ အွန်လိုင်းပညာရေးနဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးကဏ္ဍအတွက် အရေးပါတဲ့ အပြောင်းအလဲ ကြီးတစ်ခုဖြစ်ပြီး ဒီပူးပေါင်းမှုက တဆင့် ကမ္ဘာတဝန်းရှိ လူငယ်များ၊ အလုပ်သမားများနှင့် အဖွဲ့အစည်းများအတွက် အနာဂတ်အလုပ်အကိုင်ဈေးကွက်နဲ့ ကိုက်ညီတဲ့ ကျွမ်းကျင်မှုတွေကို ပိုမိုလွယ်ကူစွာ သင်ယူနိုင်မှာ ဖြစ်ပြီးတော့ “Skills-first” ခေတ်သစ်ဆီကို တစ်ဆင့်တိုးလှမ်းစေမယ်လို့ မျှော်လင့်ရပါတယ်။

မြန်မာပြည်က လူငယ်လူရွယ် ကျောင်းသားတွေ ရော၊ ကမ္ဘာအရပ်ရပ် ရောက် မြန်မာနွယ်ဖွား လူငယ်တွေပါ AI ခေတ်သစ်မှာ ကမ္ဘာနဲ့အမှီရင်ဘောင်တန်းနိုင်ကြပါစေ။

#CLM #BluebonnetSocialImpact #BlueBonnetEducation

ကိုးကား – https://investor.coursera.com/news/news-details/2026/Coursera-Completes-Combination-with-Udemy-to-Build-the-Worlds-Most-Comprehensive-Skills-Platform/default.aspx

Related Posts