ဒီနေ့ခေတ်မှာ Artificial Intelligence (AI) ဆိုတာ လူသားတွေရဲ့ဘဝထဲကို အလွန်မြန်မြန် ဝင်ရောက်လာနေပါတယ်။ AI က အလုပ်တွေကို ပိုမိုမြန်ဆန်စေတယ်၊ လူသားတွေ မလုပ်နိုင်တဲ့ အရာတွေကို လုပ်ပေးနိုင်တယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ “AI ဟာ တစ်နေ့မှာ လူသားတွေရဲ့ ထိန်းချုပ်မှုကနေ လွတ်သွားနိုင်မလား” ဆိုတဲ့ မေးခွန်းကြီးတစ်ခု ပေါ်လာနေပါတယ်။
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုက ဒီစိုးရိမ်မှုတွေကို ပိုမိုကြီးမားစေခဲ့ပါတယ်။
AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hugging Face ဟာ အဆင့်မြင့် ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုကို တွေ့ရှိခဲ့ပြီး FBI ကို အကြောင်းကြားခဲ့ပါတယ်။ အစပိုင်းမှာတော့ မသမာတဲ့အဖွဲ့တစ်ခု ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံက တိုက်ခိုက်တာလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ဆုံးမှာ သိရတာက လူသားတစ်ယောက်မှ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ AI agent တစ်ခုဟာ သူ့ရဲ့ စမ်းသပ်ဆဲ နယ်ပယ်ကနေ ထွက်လာပြီး အင်တာနက်ပေါ်မှာ လွတ်လပ်စွာ လှုပ်ရှားခဲ့ပါတယ်။ နောက်ဆုံးမှာ Hugging Face ရဲ့ စနစ်ထဲကို ဝင်ရောက်ဖောက်ထွင်းဖို့ ကြိုးစားခဲ့ပါတယ်။
ဒီဖြစ်ရပ်က AI ဟာ “လူက ညွှန်ကြားတဲ့အတိုင်းပဲ လုပ်တဲ့ ကိရိယာတစ်ခု” မဟုတ်တော့ဘဲ၊ တချို့အခြေအနေတွေမှာ ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်လာပြီလားဆိုတဲ့ စိုးရိမ်မှုကို ဖြစ်စေခဲ့ပါတယ်။
AI ရဲ့ အန္တရာယ်က ဘာလဲ
အရင်တုန်းက “တစ်နေ့မှာ စက်ရုပ်တွေက လူသားတွေကို အန္တရာယ်ပြုနိုင်တယ်” ဆိုတဲ့ အယူအဆကို လူအများက သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုလိုပဲ မြင်ခဲ့ကြပါတယ်။
တချို့ကလည်း AI အကြောင်း စိတ်ဝင်စားမှုရအောင် ကြောက်စရာပုံဖော်ထားတာလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာ AI ပညာရှင်အချို့က “ဒါဟာ ရယ်စရာကိစ္စ မဟုတ်တော့ဘူး” လို့ သတိပေးလာကြပါတယ်။
ပြဿနာက AI က အလွန်စွမ်းအားကြီးလာတာတင် မဟုတ်ပါဘူး။ အဓိကပြဿနာက AI ရဲ့ ရည်မှန်းချက်နဲ့ လူသားတွေရဲ့ ရည်မှန်းချက် ကိုက်ညီအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ဖြစ်ပါတယ်။ ဒါကို AI နယ်ပယ်မှာ “Alignment Problem” လို့ ခေါ်ပါတယ်။ AI က လူသားတွေ မလိုချင်တဲ့ နည်းလမ်းကို ရွေးနိုင်တယ်၊ ဥပမာပြောရရင် – လူသားက AI ကို “ဆိုက်ဘာလုံခြုံရေး စမ်းသပ်မှုမှာ အောင်မြင်အောင်လုပ်ပါ” လို့ တာဝန်ပေးတယ်ဆိုပါစို့။ AI ကလည်း အောင်မြင်အောင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် လူသားတွေ မမျှော်လင့်ထားတဲ့ နည်းလမ်းနဲ့ လုပ်နိုင်ပါတယ်။ ဥပမာ – “စနစ်ကို ကာကွယ်ဖို့ ဘယ်လိုလုပ်မလဲ” ဆိုတာ မစဉ်းစားဘဲ၊
“အဖြေကို ရှာဖို့ အခြားစနစ်ထဲ ဝင်ရောက်ယူမယ်” ဆိုတဲ့ နည်းလမ်းကို ရွေးနိုင်ပါတယ်။ AI အတွက်တော့ ရည်မှန်းချက်ပြည့်မီသွားပေမယ့် လူသားတန်ဖိုးနဲ့ မကိုက်ညီတဲ့ လုပ်ရပ် ဖြစ်သွားနိုင်ပါတယ်။
ဒါဆိုရင်၊ AI ကို လူသားတွေကို တန်ဖိုးထားအောင် ဘယ်လိုသင်ပေးမလဲ၊ AI လုံခြုံရေးပညာရှင် Nate Soares က အရေးကြီးတဲ့ မေးခွန်းတစ်ခု ထုတ်ပြောပါတယ်။ “AI ကို လူသားမျိုးနွယ်အပေါ် အမှန်တကယ် ဂရုစိုက်တတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး” လို့ ဆိုပါတယ်။ AI က စွမ်းအားပိုကြီးလာတာနဲ့အမျှ သူ့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ရယူဖို့ ကြိုးစားလာနိုင်ပါတယ်။
ဒီနေ့မှာ အင်တာနက်အသုံးပြုခွင့် ဖြစ်နိုင်ပါတယ်။ အနာဂတ်မှာတော့ ပိုမိုကြီးမားတဲ့ ကွန်ပျူတာစွမ်းအား၊ စွမ်းအင်၊ ဒါမှမဟုတ် AI ကို ယုံကြည်နေတဲ့ လူသားတွေရဲ့ အကူအညီ စတာတွေကို ရယူဖို့ ကြိုးစားလာနိုင်တယ်လို့ စိုးရိမ်ကြပါတယ်။
AI က လူသားတွေကို အစားထိုးမလား ဆိုရင်၊ ဒီအဆင့်ကို ရောက်ဖို့ အခုအချိန်မှာ မဖြစ်သေးပါဘူး။ ဒါပေမယ့် AI ပညာရှင်တချို့က “ကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်းကို သတိထားဖို့လိုတယ်” လို့ ပြောပါတယ်။ အကြောင်းကတော့ AI ဖွံ့ဖြိုးတိုးတက်မှုဟာ အလွန်မြန်ဆန်နေပြီး၊ ကုမ္ပဏီကြီးတွေကလည်း ပိုမိုစွမ်းအားကြီးတဲ့ AI ရရှိဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာကြောင့် ဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား AI ပြိုင်ဆိုင်မှုကလည်း ဒီအခြေအနေကို ပိုမိုရှုပ်ထွေးစေပါတယ်။
AI လုံခြုံရေးကို စောင့်ကြည့်ဖို့ နိုင်ငံတစ်နိုင်ငံတည်းနဲ့ မလုံလောက်တော့ပါဘူး။ ပညာရှင်များက ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းလိုအပ်လာပြီ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်လာပြီလို့ ပြောကြပါတယ်။ ဟိုအရင်က နျူကလီးယားလက်နက်အန္တရာယ်ကိုလည်း ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းပြီး ထိန်းချုပ်ခဲ့ကြတာမျိုး AI အတွက်လည်း အလားတူ စည်းမျဉ်းများ၊ တာဝန်ယူမှုများ လိုအပ်လာနိုင်ပါတယ်။
AI ဟာ လူသားတွေအတွက် အကျိုးရှိတဲ့ အံ့ဩဖွယ်နည်းပညာတစ်ခု ဖြစ်တယ်ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး။ ဆေးပညာ၊ ပညာရေး၊ သုတေသန၊ စီးပွားရေး စတဲ့ နယ်ပယ်များစွာမှာ လူသားတွေကို ကူညီနိုင်ပါတယ်။ ဒါပေမယ့် စွမ်းအားကြီးတဲ့ အရာတိုင်းလိုပဲ တာဝန်ယူမှုနဲ့ အသုံးပြုဖို့ လိုပါတယ်။ အရေးကြီးဆုံးက “AI ကို ဖန်တီးနိုင်တဲ့ အဆင့်ကို ရောက်လာပြီဆိုပေမယ့်၊ AI ကို တာဝန်ရှိရှိ ထိန်းချုပ်နိုင်တဲ့ ဉာဏ်ပညာကိုလည်း တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးအောင်လုပ်နိုင်မလား” ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
လူသားတွေအနေနဲ့ ပထမဆုံး လက်ခံရမယ့်အချက်က “AI ပြဿနာဟာ တကယ်ရှိနေပြီ” ဆိုတာ ဖြစ်ပါတယ်။
ကိုးကား- Does humanity have an A.I. problem? By Katrin Bennhold, New York Times




