,

ဂင်းနစ်စံချိန်ဝင် အငယ်ဆုံး ပါမောက္ခဖြစ်လာသည့် အသက် ၁၈ နှစ်အရွယ် လူငယ်

ဂင်းနစ်ကမ္ဘာ့စံချိန်တင် အဖွဲ့အစည်း၏ ဖော်ပြချက်အရ အမေရိကန်နိုင်ငံသား နသန် သောမတ်စ် (Nathan Thomas) သည် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် မိုင်ယာမီဒေး ကောလိပ် (Miami Dade College) ၏ ကထိက အဖြစ် စတင်ဝင်ရောက်ချိန်၌ အသက် ၁၈ နှစ်နှင့် ၃၄၆ ရက်သာ ရှိသေးပြီး၊ ယင်းကဲ့သို့ တာဝန်ထမ်းဆောင်ချိန်တွင် သမိုင်းတစ်လျှောက် အငယ်ဆုံး အမျိုးသား ပါမောက္ခအဖြစ် တရားဝင် မှတ်တမ်းဝင်သွားခဲ့သည်။ ဤစံချိန်သည် လွန်ခဲ့သော ရာစုနှစ်သုံးခုကျော်ကတည်းက တည်ရှိနေခဲ့သည့် စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။

နသန် သောမတ်စ်သည် COP 2270: C for Engineers (အင်ဂျင်နီယာများအတွက် စီ ပရိုဂရမ်မင်း) အတန်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်သင်ကြားပေးစဉ်က သူ၏ ကျောင်းသားအများစုမှာ သူနှင့်အသက်အရွယ်တူ ဆယ်ကျော်သက်လူငယ်များပင် ဖြစ်ကြသည်။

၂၀၀၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မွေးဖွားခဲ့သော နသန်သည် ၁၇၁၇ ခုနှစ်က အသက် ၁၉ နှစ်အရွယ်ဖြင့် ပါမောက္ခဖြစ်လာခဲ့ပြီး ယင်းစံချိန်ကို ၃၀၆ နှစ်တိုင်တိုင် ဆုပ်ကိုင်ထားခဲ့သော စကော့တလန်လူမျိုး သင်္ချာပညာရှင် ကိုလင် မက်ကလော်ရင် (Colin Maclaurin) ၏ မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

နသန်သည် အလွန်ငယ်စဉ်ကတည်းက ပညာရပ်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်ပြီး အသက် ၁၀ နှစ်အရွယ်ကတည်းက မိုင်ယာမီဒေး ကောလိပ်သို့ စတင်တက်ရောက်ခဲ့ကာ အသက် ၁၄ နှစ်တွင် ဖလော်ရီဒါ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်သို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းသားအများစု အထက်တန်းပညာရေးကို စတင်မည့်အသက်အရွယ်ဖြစ်သော ၁၈ နှစ်အရွယ်တွင်မူ သူသည် လျှပ်စစ်အင်ဂျင်နီယာဘွဲ့ (Bachelor’s) နှင့် မဟာဘွဲ့ (Master’s) နှစ်ခုစလုံးကို ဂုဏ်ထူးဖြင့် ပြီးမြောက်အောင်မြင်ထားနှင့်ပြီး ဖြစ်သည်။

အသက်တူကျောင်းသားများနှင့် သင်ကြားခြင်းမိမိနှင့်အသက်အရွယ်တူ ကျောင်းသားများကို စာသင်ကြားရခြင်းနှင့် ပတ်သက်၍ နသန်က ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့သို့ ယခုကဲ့သို့ ပြောကြားခဲ့ဖူးသည်” ဒီလိုစာသင်ခန်းထဲကို ရောက်လာပြီဆိုရင် အားလုံးမှာ တူညီတဲ့ရည်ရွယ်ချက်တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ပညာသင်ယူဖို့ပါပဲ။ အသက်အရွယ်ဆိုတာက အဲဒီနေရာမှာ သိပ်ပြီးအဓိပ္ပာယ်မရှိတော့ပါဘူး။ကျွန်တော်ကတော့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့နဲ့ ကျောင်းသားတွေကို တတ်နိုင်သမျှ ကူညီပေးဖို့ပဲ စိတ်စိုက်ပါတယ်။ တစ်စုံတစ်ယောက်က ကြိုးစားလိုစိတ်ရှိတယ်ဆိုရင် အဲဒါကပဲ ကျွန်တော့်အတွက် အအရေးအကြီးဆုံးပါပဲ။”

သင်ကြားခြင်းအပေါ် ဝါသနာပါမှုနှင့် အနာဂတ်အစီအစဉ်နသန်သည် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM) ဘာသာရပ်များကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့သည်။ အင်ဂျင်နီယာမိသားစုမှ ပေါက်ဖွားလာသူဖြစ်သည့်အလျောက် မိခင်ဖြစ်သူ၏ ရှုပ်ထွေးခက်ခဲသော ပြဿနာများကို ရိုးရှင်းလွယ်ကူအောင် ရှင်းပြတတ်သည့် ပုံစံက သူ့အပေါ် လွှမ်းမိုးမှုအရှိဆုံးဖြစ်ကြောင်း ဆိုသည်။ယခုအခါ အသက် ၂၁ နှစ်ရှိပြီဖြစ်သော နသန်သည် စာသင်ကြားခြင်းနှင့်အတူ မိုင်ယာမီတက္ကသိုလ် ဥပဒေကျောင်းတွင် ဥပဒေပါရဂူဘွဲ့ (Juris Doctor) ကို ဆက်လက်ဆည်းပူးနေပြီး ၂၀၂၈ ခုနှစ်တွင် ဘွဲ့ရရှိရန် ပြင်ဆင်နေသည်။ အနာဂတ်တွင် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အသိပညာများကို အခြေခံကာ ဉာဏပစ္စည်းမူပိုင်ခွင့် ဥပဒေနှင့် နည်းပညာဆိုင်ရာ နယ်ပယ်တို့တွင် လုပ်ကိုင်ရန် ရည်မှန်းထားသည်။

“ အင်ဂျင်နီယာပညာက ရှုပ်ထွေးတဲ့ပြဿနာတွေကို စနစ်တကျနဲ့ အပိုင်းပိုင်းခွဲထုတ်ဖြေရှင်းတတ်ဖို့ ကျွန်တော့်ကို သင်ပေးခဲ့တယ်။ အဲဒီနည်းလမ်းကိုပဲ ဥပဒေလေ့လာတဲ့နေရာမှာ ပြန်ပြီးအသုံးချနေပါတယ်” ဟု နသန်က ရှင်းပြပါသည်။ စာပေပညာရပ်များတွင် ထူးချွန်ထက်မြက်သကဲ့သို့ နသန်သည် ဘတ်စကတ်ဘော၊ တင်းနစ်နှင့် ဂေါ့ဖ်ကစားခြင်း၊ ဂန္တဝင် ပီယာနိုတီးခတ်ခြင်းတို့ဖြင့် အနားယူအပန်းဖြေလေ့ရှိသော သာမန်လူငယ်တစ်ဦးလည်း ဖြစ်ပေသည်။ ပြီးပြည့်စုံသော အောင်မြင်မှုများကို ပိုင်ဆိုင်ထားသော်လည်း သူတစ်ပါးနှင့် ကိုယ့်ရဲ့တိုးတက်မှုကို နှိုင်းယှဉ်မနေဘဲ မိမိသွားလိုရာလမ်းကြောင်းကို ကိုယ်ပိုင်အရှိန်အဟုန်ဖြင့် လျှောက်လှမ်းကြရန် လူငယ်များကို ၎င်းက တိုက်တွန်းပြောကြားထားသည်။

ref: 18-year-old becomes youngest professor ever, teaches engineering to students his own age

Related Posts