၂၀၂၆ ခုနှစ် မေလ ပြီးခဲ့တဲ့သီတင်းပတ် တုန်းက အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့တဲ့ Scripps National Spelling Bee ပြိုင်ပွဲမှာ အသက် ၁၄ နှစ်အရွယ် အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား Shrey Parikh က ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ ခက်ခဲတဲ့ ဆေးဝါးဗေဒဆိုင်ရာ စကားလုံးတစ်လုံး ဖြစ်တဲ့ “bromocriptine” ဆိုတဲ့ စကားလုံးကို အမှားအယွင်းမရှိ စာလုံးပေါင်းနိုင်ခဲ့ပြီး အမျိုးသားချန်ပီယံဆုကို ဆွတ်ခူးခဲ့တာဖြစ်တယ်။ Shrey Parikh ဟာ စက္ကန့် ၉၀ အတွင်း စကားလုံး ၃၂ လုံးကို မှန်ကန်စွာ စာလုံးပေါင်းနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာ စံချိန်သစ်တင်နိုင်ခဲ့တာလဲဖြစ်ပါတယ်။
အမေရိကန်သတင်းမီဒီယာတွေက သူ့ရဲ့ အောင်ပွဲကို “ထူးချွန်တဲ့ ကျောင်းသားတစ်ဦးရဲ့ အောင်မြင်မှု” လို့ ဖော်ပြကြပေမဲ့၊ သေချာတွေးကြည့်မယ်ဆိုရင် ဒီကျောင်းသားလေးရဲ့အောင်မြင်မှုဟာ လူတစ်ဦးတည်းရဲ့ အောင်မြင်မှုဆိုတာထက် ပိုမိုကြီးမားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါဟာ ရွှေ့ပြောင်းအခြေချမိသားစုများ၊ အထူးသဖြင့် အာရှနွယ်ဖွား အမေရိကန်တွေရဲ့ ပညာရေးအပေါ် အလေးထားမှု၊ မျိုးဆက်သစ်တွေအတွက် အနာဂတ်တည်ဆောက်လိုစိတ်နဲ့ အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့ စွမ်းအားတို့ကို ထင်ဟပ်ပြသနေတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
National Spelling Bee ရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အောင်မြင်မှု၊ ကြိုးစားအားထုတ်မှု၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမေရိကန်လူ့အဖွဲ့အစည်းရဲ့ ပြောင်းလဲလာမှုတို့ကို သေချာတွေ့မြင်နိုင်မှာလဲဖြစ်ပါတယ်။
ရာစုနှစ်တစ်ခု သက်တမ်းရှိတဲ့ ပြိုင်ပွဲ
National Spelling Bee ကို ၁၉၂၅ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး Kentucky ပြည်နယ်က ကျောင်းသား Frank Neuhauser ဟာ ပထမဆုံး နိုင်ငံအဆင့်ချန်ပီယံ ဖြစ်ပါတယ်။
ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ကျောင်းသားတွေကို အင်္ဂလိပ်ဘာသာစကားရဲ့ ရှုပ်ထွေးလှတဲ့ စကားလုံးတွေကို နားလည်အသုံးချတတ်စေဖို့၊ စာဖတ်စွမ်းရည် မြှင့်တင်ဖို့နဲ့ ပညာရေးအပေါ် စိတ်ဝင်စားမှု တိုးတက်စေဖို့ ဖြစ်တယ်။
အစပိုင်းမှာ ပြိုင်ပွဲဝင်အများစုဟာ အမေရိကန်လူဖြူမိသားစုတွေက ဖြစ်ကြပြီး အမေရိကန်လူ့အဖွဲ့အစည်းရဲ့ အဓိကပုံရိပ်ကို ကိုယ်စားပြုခဲ့ကြတယ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်အပြီး၊ အထူးသဖြင့် ၁၉၆၅ ခုနှစ် Immigration and Nationality Act ပြင်ဆင်ချက်နောက်ပိုင်းမှာတော့ အမေရိကန်နိုင်ငံကို အာရှ၊ လက်တင်အမေရိကနဲ့ အာဖရိကမှ ရွှေ့ပြောင်းအခြေချသူများ တိုးတက်များပြားလာခဲ့ပြီးတော့၊ Spelling Bee ပြိုင်ပွဲအတွက် အဲဒီပြောင်းလဲမှုဟာ တဖြည်းဖြည်း ထင်ဟပ်လာခဲ့ပါတယ်။
Balu Natarajan- ခေတ်သစ်တစ်ခုရဲ့အစ
၁၉၈၅ ခုနှစ်မှာ National Spelling Bee ချန်ပီယံဆုကို အနိုင်ရခဲ့တဲ့ Balu Natarajan ဟာ အိန္ဒိယနွယ်ဖွား အမေရိကန်တစ်ဦးအနေနဲ့ ပထမဆုံး ချန်ပီယံ ဖြစ်လာခဲ့ပြီး၊ Balu ရဲ့ အောင်ပွဲဟာ အမေရိကန်ပညာရေးသမိုင်းမှာ အလွန်အရေးပါတဲ့ အမှတ်အသားတစ်ခု ဖြစ်ခဲ့ပါတယ်။ Balu ရဲ့ မိဘများဟာ အိန္ဒိယနိုင်ငံကနေ အမေရိကန်ကို ရွှေ့ပြောင်းလာသူတွေဖြစ်ပြီး ပညာရေးကို လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် အရေးကြီးဆုံးလမ်းကြောင်းအဖြစ် ယုံကြည်ခဲ့ကြသူတွေဖြစ်ပါတယ်။
Balu ရဲ့ အောင်မြင်မှုဟာ အခြားအိန္ဒိယနွယ်ဖွား မိသားစုများအတွက် လှုံ့ဆော်မှုတစ်ရပ် ဖြစ်လာခဲ့ပြီးတော့ နောက်ပိုင်းနှစ် Spelling Bee ပြိုင်ပွဲဝင်စာရင်းတွေမှာ အိန္ဒိယနွယ်ဖွား ကလေးတွေ ပိုမိုများပြားလာခဲ့ပြီး၊ ၂၀၀၀ ပြည့် နှစ်နောက်ပိုင်းမှာ ပြိုင်ပွဲကို လွှမ်းမိုးလာကြတာဖြစ်ပါတယ်၊ အထူးသဖြင့် ၂၀၀၈ ခုနှစ်ကစပြီး National Spelling Bee ချန်ပီယံအများစုဟာ အိန္ဒိယနွယ်ဖွား အမေရိကန်ကျောင်းသားများ ဖြစ်လာခဲ့ကြပြီး၊အချို့သော သတင်းမီဒီယာများက “Indian domination of the Spelling Bee” လို့ ဖော်ပြခဲ့ကြတဲ့ထိ အိန္ဒိယနွယ်ဖွားတွေ အောင်မြင်ခဲ့ကြတာဖြစ်ပါတယ်။
အောင်မြင်မှုရဲ့ နောက်ကွယ်
Spelling Bee ပြိုင်ပွဲကို အောင်မြင်ဖို့ ချန်ပီယံဖြစ်ဖို့အတွက် စကားလုံးများကို အလွတ်ကျက်မှတ်ရုံနဲ့ မလုံလောက်ပဲ၊ ဂရိ၊ လက်တင်၊ ပြင်သစ်၊ ဂျာမန်၊ အာရပ်နှင့် အခြားဘာသာစကားတွေရဲဥ စကားလုံးအရင်းအမြစ်ကို လေ့လာရတာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားဟာ၊ကမ္ဘာပေါ်ရှိ ဘာသာစကားများစွာရဲ့ သက်ရောက်မှုကို ခံယူထားတဲ့ ဘာသာစကားဖြစ်တာကြောင့် စကားလုံးတစ်လုံးရဲ့ မူလဇာစ်မြစ်ကို သိရှိခြင်းက စာလုံးပေါင်းမှန်ကန်ဖို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲ ကိုဝင်ရောက်ယှဥ်ပြိင်ဖို့ရာ ကလေးတွေအတွက်ရော မိဘတွေအတွက်ပါ လွယ်ကူတဲ့ ကိစ္စတော့ဟုတ်မနေပါဘူး။ ဒီနှစ်ချန်ပီယံ Shrey Parikh ဆိုရင် သူ့မိဘတွေ က အတူလေ့ကျင့်ဖို့ နည်းပြ ၃ ယောက် ငှား တဲ့ အပြင် AI Tools တွေကိုပါ သုံးပြီး အချိန်ယူ လေ့ကျင့်ခဲ့တာလို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းလာသူ မိသားစုများရဲ့ ဇာတ်လမ်းတွေမှာ ပညာရေးဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာ နဲ့ အခြားနိုင်ငံများက ရွှေ့ပြောင်းလာသူ မိသားစုများစွာအတွက် ပညာရေးဟာ ဆင်းရဲမွဲတေမှုက လွတ်မြောက်ရေးနဲ့ လူမှုအဆင့်အတန်း မြှင့်တင်ရေးရဲ့ အရေးကြီးဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
အာရှနွယ်ဖွား ရွှေ့ပြောင်းအခြေချမိသားစုက မိဘတွေဟာ သားသမီးတွေရဲ့ ပညာရေးအတွက် အချိန်နဲ့ အရင်းအမြစ်များစွာကို ရင်းနှီးမြှုပ်နှံလေ့ရှိကြတယ်။ ကြာမြင့်တဲ့ အလုပ်ချိန်တွေကြားကနေ ကလေးတွေကို စာဖတ်ခိုင်းတာ၊ စာကြည့်တိုက်ကို ခေါ်ဆောင်တာ၊ ပြိုင်ပွဲတွေမှာ ပါဝင်စေတာတွေကို ဦးစားပေးလုပ်ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ရည်မှန်းချက်က သားသမီးတွေဟာ မိမိတို့ထက် ပိုမိုကောင်းမွန်သော ဘဝတစ်ခု ရရှိဖို့၊ မိဘတွေ ပင်ပမ်းခဲ့သလို မပင်ပမ်းဖို့၊ ပညာနဲ့ အသက်မွေးဖို့ စတဲ့ မိမိတို့ရဲ့ မိရိုးဖလာဆန်တဲ့ ပညာရေးမျှော်မှန်းချက်တွေနဲ့ သားသမီးတွေကို ပြုစု ပျိုးထောင်ကြတာဖြစ်ပါတယ်။
American National Spelling Bee ပြိုင်ပွဲမှာ တွေ့ရတဲ့ အောင်မြင်မှုတွေဟာ ထိုယုံကြည်ချက်ရဲ့ ရလဒ်တွေ ဖြစ်ကြတယ်။ Shrey Parikh ရဲ့ အောင်ပွဲဟာ နောက်ထပ် အာရှနွယ်ဖွား ချန်ပီယံတစ်ဦး ပေါ်ထွက်လာခြင်းသာ မဟုတ်ပဲ၊ အမေရိကန်နိုင်ငံရဲ့ လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံ လူ့အဖွဲ့အစည်းကို ထင်ဟပ်ပြသနေတာဖြစ်ပါတယ်။
Spelling Bee စင်မြင့်ပေါ်က ကလေးများရဲ့ မျက်နှာများမှာ အမေရိကန်နိုင်ငံရဲ့ အနာဂတ်ကို တွေ့မြင်နိုင်သလို၊ သူတို့ရဲ့ နောက်ကွယ်မှာ မိဘတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ရွှေ့ပြောင်းအခြေချခရီးရှည် ကြီးများ၊ အခက်အခဲများနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝတွေအတွက် မျှော်လင့်ချက်တွေ ပါဝင်နေတာလဲဖြစ်ပါတယ်။
အနာဂတ် American National Spelling Bee ပြိုင်ပွဲတွေမှာ မြန်မာ-အမေရိကန် ကလေးတွေ သရဖူ မဆောင်းဘူး လို့ ဘယ်သူပြောနိုင်မလဲ။
CLM #BluebonnetSocialImpact #BluebonnetEducation




