,

ထူးခြားတဲ့ အသာစား အပင်များ (Butterworts)

Butterworts ဆိုတဲ့ အပင်တွေဟာ ဒီအတိုင်းကြည့်ကြည့်ရင်တော့ သာမန်ပန်းပင်တစ်ပင်နဲ့တူပေမဲ့ သူတို့ဟာ အသားစားအပင် (carnivorous plant) အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ 🌱

Butterworts ကို သိပ္ပံလို Pinguicula လို့ခေါ်ပြီး သူတို့ကို အမေရိကတိုက်နဲ့ ဥရောပတိုက်တို့မှာ တွေရတတ်ပါတယ်။ Butterworts မျိုးစိတ်တွေထဲက တစ်ဝက်ကျော်လောက်ကို Mexico နိုင်ငံမှာ တွေ့နိုင်ပါတယ်။  

Butterworts တွေက တခြား အသားစားအပင်တွေလိုပဲ အာဟာရနည်းပါးတဲ့ မြေနဲ့ ပူနွေးစိုစွတ်တဲ့ နေရာဒေသမှာ ရှင်သန်ကြပါတယ်။ စဉ်းစားကြည့်ရင် ဒါကနည်းနည်းတော့ထူးခြားတာပေါ့။ သူတို့က ဘာလို့ အာဟာရနည်းပါးတဲ့ မြေကြီးကို ကြိုက်တာလဲ။ 🤔 သာမန်အပင်တွေဆိုရင် အာဟာရတွေအများကြီးလိုချင်လို့တောင် မြေဩဇာတွေထည့်ပေးရတာ ဖြစ်ပါတယ်။ အဓိကကြောင်းအရင်းကတော့ ဒီ Butterworts အပင်တွေက အစာအာဟာရကြွယ်ဝတဲ့ မြေဆီလွှာမှာဆိုရင် မြေနေရာရဖို့အတွက် တခြားအပင်တွေအများကြီးနဲ့ ပြိုင်ရမှာပါ။ ဒါပေမဲ့ အာဟာရနည်းပါးတဲ့ မြေမှာတော့ တခြားအပင်တွေတော်တော်များများက အသက်မရှင်နိုင်တဲ့အတွက် ဒီ အသားစားအပင်တွေက နေရာကို ကြိုက်သလောက်ယူလို့ရနိုင်ပါတယ်။ ဒါပေမဲ့ မြေနေရာရှိပြီး လုံလောက်တဲ့ အာဟာရဓာတ်တွေမရရင် အသက်ရှင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒီတော့ Butterworts အပါအဝင် အသားစားအပင်တွေက သူတို့နာမည်အတိုင်းပဲ Insects လို အကောင်သေးသေးလေးတွေကို စားပြီး အသက်ရှင်ကြပါတယ်။

Butterworts တွေရဲ့ အရွက်တွေပေါ်မှာ Peduncular glands နဲ့ Sessile glands ဆိုပြီး gland နှစ်မျိုးပါရှိပါတယ်။ Peduncular glands က သစ်ရွက်ပေါ်မှာ ပန်းဝတ်ရည်နဲ့ဆင်တူတဲ့ အရည်တွေကို ထုတ်ပေးတဲ့အစိတ်အပိုင်းတစ်ခုပါ။  ဒီအရည်တွေက ဝတ်ရည်နဲ့ဆင်တူပေမဲ့ တကယ်တမ်းမှာတော့ ပိုးကောင်လေးတွေကို ဖမ်းဖို့ ထောင်ချောက်တစ်ခု ဖြစ်ပါတယ်။ အကယ်၍ အစာရှာနေတဲ့ ပိုးကောင်တစ်ကောင်က ဒီအရည်တွေအပေါ်ကို လာနားတာနဲ့ ကော်နဲ့ကပ်ထားသလိုမျိုး သစ်ရွက်ပေါ်မှာကပ်သွားပါတယ်။ တချို့ ပိုးကောင်အကြီးတွေက တစ်ခါတစ်လေရုန်းထွက်နိုင်ပေမဲ့ ပိုးကောင်သေးသေးလေးတွေအတွက်တော့ သ င်္ချိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

ပိုးကောင်တစ်ကောင်ကောင်က သစ်ရွက်ပေါ်မှာကပ်သွားတာနဲ့ Sessile glands တွေက အစာခြေတဲ့ Enzymes တွေကိုထုတ်ပါတယ်။ ပြောရရင် အဲ့ဒီပိုးကောင်က သစ်ရွက်ပေါ်မှာတင် အရည်ပျော်ကျသွားတာပါ။ ဒီအရည်တွေကို Butterworts အပင်တွေက သစ်ရွက်ကနေတိုက်ရိုက်စုပ်ယူပါတယ်။ ဒီလိုမျိုး ပိုးကောင်တွေကို အရည်ဖျော်ချပြီး စုပ်ယူတာက အချိန် တစ်ပတ်လောက်ကြာမြင့်ပြီး ကျန်ရှိနေခဲ့တဲ့ ပိုးကောင်တွေရဲ့ အခွံမာတွေက မိုးတွေလေတွေတိုက်တဲ့ အခါမှာ သူဘာသာသူအောက်ကို ပြုတ်ကျပြီး သစ်ရွက်ကိုသန့်ရှင်းလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ပိုးကောင်တွေရဲ့ အခွံမာတွေက အောက်ကို မကျဘဲ သစ်ရွက်ပေါ်မှာပဲ ကျန်တဲ့ အခါမျိုးတွေလဲရှိပါတယ်။ အကယ်၍ သစ်ရွက်ပေါ်မှာ ဒီလိုမျိုး အခွံတွေနဲ့ ပြည့်ကျပ်နေရင် ဒီသစ်ရွက်က နေအလင်းရောင်ကောင်းကောင်းမရဘဲ သေသွားလေ့ရှိပါတယ်။ ဒါကတော့ သစ်ပင်တွေအတွက် အစားပိုးနင်ပြီး သေသွားတဲ့ပုံစံပေါ့။

Butterworts တွေနဲ့ တခြားသော အသားစားအပင်တွေက ဒီကမ္ဘာပေါ်မှာ နှစ်သန်းပေါင်း ၄၀ ကျော် တည်ရှိနေခဲ့ကြပါပြီ။ နှိုင်းပြရရင် လူသားမျိုးစိတ်တွေက နှစ်ပေါင်း ၃ သန်းလောက်ပဲ ရှိပါသေးတယ်။ ဒီအသားစားအပင်တွေက တခြားသာမန်အပင်တွေနဲ့ မတူတဲ့ နည်းလမ်းတွေကိုသုံးပြီး ရှင်သန်ခဲ့တာ နှစ်ပေါင်းသန်းနဲ့ ချီခဲ့ပါပြီ။ နောင်အနာဂတ်မှာလည်း သူတို့က ဆက်ပြီး ရှင်သန်နေဦးမှာပါ။ အတိအကျ မပြောနိုင်ပေမဲ့ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် သူတို့တွေက ပိုးကောင်တွေအပြင် လူတွေကိုပါ စားနိုင်တဲ့ အပင်တွေအဖြစ် ဆင့်ကဲပြောင်းလဲချင်ပြောင်းလဲလာမှာပေါ့။ 👻

Related Posts