လွန်ခဲ့တဲ့အပတ်က လူဦးရေ ၁၄၉ ဦးပါရှိတဲ့ MV Hondius လို့ခေါ်တဲ့ အပျော်စီးသင်္ဘောပါ်မှာ Hantavirus ကူးစက်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒါကို အရေးပေါ်ကျန်းမာရေးပြဿနာတစ်ခု အနေနဲ့ သတ်မှတ်ထားပြီး ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်နေ့အထိ စာရင်းတွေအရ ဒီသင်္ဘောပေါ်မှာ Hantavirus ကူးစက်ခံရသူ ၇ ဦးရှိနေပြီး ၃ ဦးဟာ သေဆုံးသွားခဲ့ပါပြီ။ ပုံမှန်အားဖြင့်တော့ ဒီ Virus က တောတောင်တွေနဲ့နီးတဲ့ နေရာဒေသတွေမှာပဲ တွေ့ရှိရလေ့ရှိပေမယ့် ယခုတစ်ခါဖြစ်တဲ့ Hantavirus outbreak က ကမ္ဘာလှည့်ခရီးသွား သင်္ဘောပေါ်မှာဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးက ကျန်းမာရေးဝန်ကြီးဌာနတွေဟာ စိုးရိမ်နေကြပါတယ်။
Hantavirus ဆိုတာ ကြွက်တွေ၊ ရှဉ့်တွေလိုမျိုး ကိုက်ဖြတ်သတ္တဝါ (Rodents) တွေဆီကနေတစ်ဆင့် ကူးစက်တတ်တဲ့ Virus မိသားစုဝင်တစ်မျိုးဖြစ်ပါတယ်။ ရောဂါရှိတဲ့ ကြွက်တွေရဲ့ မစင်၊ ဆီးနဲ့ တံတွေးတွေနဲ့ ထိတွေ့တာ၊ အနီးအနားမှာရှိတဲ့ လေကို ရှူမိတာကနေ ဒီ Virus ကူးစက်နိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာတော့ ဒီ Virus ကူးစက်မှုက ရှားပါးပေမဲ့ တောတောင်ဒေသတွေမှာနှစ်စဉ် ပုံမှန်တွေ့ရှိနေရဆဲ ဖြစ်ပါတယ်။
Hantavirus တော်တော်များများက တိရိစ္ဆာန်ကနေမှ လူကိုကူးစက်တာဖြစ်ပေမယ့် လူအချင်းချင်းမကူးစက်တတ်ပါဘူး။ ဒါပေမဲ့ အခု MV Hondius သင်္ဘောပေါ်မှာ ဖြစ်ပွားနေတဲ့ Virus က Andes virus (ANDV) မျိုးစိတ်တစ်ခုလို့ယူဆရပြီး ကြောက်စရာကောင်းတဲ့အချက်က လူအချင်းချင်း ကူးစက်တတ်ပါတယ်။ ဒါ့အပြင် ဒီ Virus ရဲ့ Fatality rate (သေဆုံးနှုန်း) ကလည်း ၄၀% နီးပါးရှိပါတယ်။ နှိုင်းယှဉ်ပြရရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဖြစ်ပွားခဲ့တဲ့ COVID-19 ရဲ့ Fatality rate က ကျန်းမာတဲ့ လူတွေအတွက်ဆို ၁% လောက်ပဲရှိပါတယ်။
ရောဂါလက္ခဏာတွေကတော့ အစပိုင်းမှာ တုပ်ကွေးမိသလိုမျိုး ဖျားတာ၊ ကြွက်သားတွေ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရောဂါက မြန်မြန်ဆန်ဆန် ဆိုးရွားလာတတ်ပြီး Hantavirus Pulmonary Syndrome (HPS) လို့ခေါ်တဲ့ အဆုတ်ရောင်ပြီး အသက်ရှူရ ခက်ခဲတဲ့အဆင့်ကို ရောက်သွားတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်လာပြီး သေဆုံးကြရပါတယ်။ ယခုလက်ရှိမှာ ဒီ Virus အတွက် ဆေးဝါးတွေ မရှိသေးပါဘူး။ ဆရာဝန်တွေအနေနဲ့ လူနာကိုအသက်ရှူနိုင်အောင် ကူညီပေးတာ၊ ဆုတောင်းတာကလွဲရင် တခြား ထိရောက်တဲ့ နည်းလမ်း မရှိသေးပါဘူး။
ဒါဆိုရင် ဒီ Virus က COVID-19 လိုမျိုး Pandemic တစ်ခု ဖြစ်လာနိုင်မလား? သိပ္ပံပညာရှင်တွေကတော့ လက်ရှိမှာ အဲဒီလိုဖြစ်ဖို့ အခွင့်အလမ်း နည်းပါးသေးတယ်လို့ ယူဆကြပါတယ်။ ဘာလို့လဲဆိုတော့ Andes virus က လူအချင်းချင်းကူးစက်နိုင်ပေမဲ့ တစ်ဦးနဲ့တစ်ဦး အကြာကြီး ထိတွေ့ဆက်ဆံတဲ့အခါမှ ကူးစက်နိုင်တာပါ။ နောက်အချက်က ဒီလို သေဆုံးနှုန်းမြင့်မားတဲ့ Virus တွေက တခြားလူတွေကို မကူးစက်ခင်မှာ လူနာက သေဆုံးသွားတတ်တာကြောင့် ပျံ့နှံ့ဖို့ အချိန်မရဘဲ ထိန်းချုပ်ရတာပိုလွယ်ကူတတ်ပါတယ်။ လက်ရှိမှာတော့ WHO ရဲ့ ကြီးကြပ်မှုနဲ့အတူ ဒီသင်္ဘောကို Cape Verde ကျွန်းစုတွေနားမှာ ကမ်းမကပ်ဖို့ ညွှန်ကြားထားပါတယ်။
ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ အခုအချိန်မှာ တောင်အာဖရိကနိုင်ငံက ဓာတ်ခွဲခန်းတွေမှာ ဒီ Virus ရဲ့ မျိုးဗီဇ ကို အသေးစိတ် စစ်ဆေးနေကြပါတယ်။ ဒီလို တိရိစ္ဆာန်ကနေ လူဆီကူးစက်တာတွေဟာ တောမီးလောင်တာ၊ တောပြုန်းတာ စတဲ့ ပတ်ဝန်းကျင် ပြောင်းလဲမှုတွေကြောင့် တောရိုင်းတိရိစ္ဆာန်တွေ လူနေရပ်ကွက်တွေထဲ ရောက်လာရာကနေ ဖြစ်ပေါ်လာတတ်တာပါ။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေဟာ တောရိုင်းတိရိစ္ဆာန်တွေအပြင် လူတွေအတွက်ပါ အခုလို ပြဿနာတွေ ဖြစ်လာတတ်တာကြောင့် နောင်အနာဂါတ်မှာ ဒီလိုမဖြစ်အောင် ပတ်ဝန်းကျင်ကို သေသေချာချာထိန်းသိမ်းသင့်ပါတယ်။





