စီးပွားရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်နိုင်ငံမှာ လူငယ်အများအပြားဟာ ဂိမ်းကစားရင်း သူတို့ရဲ့ ဘဝကို ပြောင်းလဲဖို့ ကြိုးစားနေကြပါတယ်။ CNA ရဲ့ ဖော်ပြချက်အရ ပါကစ္စတန်လူငယ်တွေဟာ eSports ခေါ် အီလက်ထရွန်နစ်ဂိမ်းကစားခြင်း ကဏ္ဍကနေ ဒေါ်လာထောင်ချီပြီး ဝင်ငွေရှာဖွေနေကြတာကို တွေ့ရပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေးဟာ ခက်ခဲတဲ့အခြေအနေမှာ ရှိနေပေမယ့် ဂိမ်းလောက ကတော့ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ လူငယ်တွေဟာ PC ဂိမ်းတွေဖြစ်တဲ့ Dota 2, CS:GO နဲ့ မိုဘိုင်းဂိမ်းဖြစ်တဲ့ PUBG Mobile တို့ကို အလေးအနက် ကစားကြပြီး နိုင်ငံတကာပြိုင်ပွဲတွေအထိ တက်လှမ်းနေကြပါတယ်။
ဝင်ငွေရရှိကြတဲ့ နည်းလမ်းအများစုကတော့ ပြည်တွင်းပြည်ပ ပြိုင်ပွဲတွေမှာ ပြိင်ဆိုင်ပြီး ဆုကြေးငွေ ရရှိတာ၊ Facebook, YouTube နဲ့ Twitch တို့မှာ ဂိမ်းကစားတာကို Live လွှင့်ပြီး ကြော်ငြာနဲ့ Gift များမှ ဝင်ငွေရယူတာ၊ ပြည်ပအသင်းကြီးတွေမှာ လစာနဲ့ ကစားသမားအဖြစ် ပါဝင်တာမျိုး ဖြစ်ပါတယ်။
ပါကစ္စတန်ရဲ့ ဂိမ်းလောကမှာ အထင်ရှားဆုံးကတော့ Sumail Hassan ဆိုသူ ဖြစ်ပါတယ်။ သူဟာ အသက် ၁၆ နှစ်အရွယ်မှာတင် Dota 2 ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်မှုက နောက်ထပ် ပါကစ္စတန်လူငယ် ထောင်ပေါင်းများစွာကို “ ဂိမ်းကစားခြင်းဖြင့် အသက်မွေးနိုင်တယ်” ဆိုတဲ့ ယုံကြည်ချက် ပေးခဲ့ပါတယ်။
အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Hamza ဟာ IT ကုမ္ပဏီတစ်ခုတွင် နေ့စဉ် (၇) နာရီကြာအောင် အလုပ်လုပ်နေတာဖြစ်ပါတယ်။ အလုပ်တဲ့ပြီးအချိန်မှာ အချိန်အများစုကို ဂိမ်းပဲကစားနေတတ်သူဖြစ်ပါတယ်။
“ တက္ကသိုလ်မှာ လေးငါးနှစ်ကြာအောင် စာသင်ပြီး ဘွဲ့တစ်ခုရဖို့ ကြိုးစားတာက တစ်လမှ ပါကစ္စတန်ရူပီး ၄၀,၀၀၀ ကနေ ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၄၃ မှ ၁၈၀ ခန့်) ဝန်းကျင်ပဲရှိတဲ့ အခြေခံလစာပဲ ရမှာပါ” လို့ CNA ကိုပြောပြခဲ့ပါတယ်။
ဒီအချိန်ပမာဏအတိုင်း eSports လောကထဲမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တစ်လလျှင် ရူပီး ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၈၀၀ နီးပါး) အထိ ဝင်ငွေရရှိနိုင်တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အလုပ်လက်မဲ့နှုန်း မြင့်တက်လာပြီး လုပ်ခလစာတွေ အရမ်းနည်းတာကြောင့် အပိုဝင်ငွေရရှိဖို့ ဂိမ်းလောကဘက်ကို ဝင်လာကြတဲ့ လူငယ်အရေအတွက်ဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေပါတယ်။
လက်ရှိမှာ ပါကစ္စတန်နိုင်ငံရဲ့ လုပ်သားအင်အားနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ ဟန်ချက်မညီတော့ဘဲ လူငယ်အလုပ်လက်မဲ့ပြဿနာဟာ စိုးရိမ်စရာဖြစ်လာပါတယ်။ ပါကစ္စတန်စာရင်းအင်းဗျူရဲ့ အချက်အလက်တွေအရ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း အလုပ်လက်မဲ့ဦးရေဟာ ၁.၄ သန်းခန့် တိုးလာခဲ့ပြီး ၂၀၂၄-၂၀၂၅ ကာလအတွင်း အလုပ်လက်မဲ့အရေအတွက်ဟာ ၆ သန်းနီးပါးအထိ ရှိလာခဲ့ပါတယ်။
ref: https://www.channelnewsasia.com/asia/pakistan-youth-online-gaming-esports-income-rising-unemployment-6025251




