ဖုန်းတွေ၊ ကွန်ပျူတာတွေမှာ app တစ်ခုခုကို ဖွင့်လိုက်တယ်ဆိုလို့ရှိရင် “Update available” ဆိုပြီး မကြာခဏပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ Update လုပ်ပြီး မကြာသေးခင်ပဲ နောက်ထပ် update တစ်ခု ထပ်ထွက်လာတတ်တာကြောင့် “ဘာလို့ မကြာခဏ update လုပ်နေရတာလဲ” လို့ တွေးမိကြမှာပါ။ အများစုက update လုပ်တယ်ဆိုလို့ရှိရင် feature အသစ်ထည့်ဖို့ပဲလို့ ထင်ကြတတ်ပါတယ်။ တကယ်တမ်းမှာတော့ software update လုပ်ရတဲ့ အကြောင်းရင်းအများကြီးရှိပါတယ်။
Security
Software update တွေရဲ့ အရေးအကြီးဆုံး အကြောင်းရင်းကတော့ security ဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဥ်သုံးနေတဲ့ software တွေအကုန်လုံးနီးပါးမှာ အားနည်းချက်တွေ (Vulnerabilities) ရှိပါတယ်။ တချို့ အားနည်းချက်တွေ တွေကို software စရေးတဲ့အချိန်မှာ သတိထားမိဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ အခန့်မသင့်ရင် exploit လုပ်ခံရနိုင်ခြေများပြီး scammer တွေ၊ hacker တွေက အခွင့်အရေးကောင်းယူပြီးတော့ အချက်အလက်တွေခိုးတာ၊ virus တွေဝင်ပြီးတော့ computer တွေ၊ ဖုန်းတွေ သုံးမရအောင် ဖြစ်တာ တွေအပြင် တခြားမစဉ်းစားနိုင်တဲ့ အန္တရာယ်တွေအများကြီး ကြုံရနိုင်ပါတယ်။
ဒါကြောင့် အားနည်းချက်တစ်ခုတွေ့ပြီဆိုလို့ရှိရင် software အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေ (developerတွေ) က အမြန်ဆုံး patch လုပ်ပြီးတော့ အသုံးပြုသူတွေကို update လုပ်ဖို့ အကြံပေးပါတယ်။ ကိုယ့်ရဲ့ data တွေ၊ device တွေ ပျက်စီးဆုံးရှုံးနိုင်တာကြောင့် softawre တွေ (ဥပမာ – Windows)ကို အမြဲတမ်း update လုပ်ထားဖို့ အရးကြီးပါတယ်။
—–
Bug Fixes
Bug ဆိုတာ software တစ်ခုမှာ မရည်ရွယ်ပဲ ပေါ်နေတတ်တဲ့အရာတွေဖြစ်ပါတယ်။ ဥပမာ – အပလီကေးရှင်း တွေ အလိုလို ပိတ်သွားတာ၊ ခလုတ်တစ်ခု နှိပ်လိုက်ပေမဲ့ ဘာမှဖြစ်မလာတာ အစရှိတာတွေဟာ bug တွေကြောင့်မို့လို့ ဖြစ်ပါတယ်။ Developer တွေက test တွေ အကြိမ်ကြိမ် လုပ်ခဲ့တယ် ဆိုရင်တောင်မှ testing အဆင့်မှာ bug တွေ အကုန်လုံးကို တွေ့တယ်ဆိုတာကတော့ မလွယ်ပါဘူး။ ဒါကြောင့် တချို့ bug တွေက အသုံးပြုသူတွေဆီ ရောက်လာမှ တွေ့ရတတ်ပါတယ်။
တချို့ Software bug တွေဟာ အသုံးပြုသူတွေ ကို စိတ်အနှောင့်အယှက် ဖြစ်ရုံလောက်ပဲရှိတယ်ဆိုပေမဲ့ တချို့ bug တွေကတော့ ကုမ္ပဏီတွေကို ဒေါ်လာသောင်းချီပြီးတော့ ကုန်ကျစေနိုင်ပါတယ်။ ဒါကြောင့် bug fixes တွေဟာ အရမ်း အရေးကြီးပါတယ်။
—
Compatibility
ကျွန်တော်တို့ software တစ်ခု စသုံးတဲ့အခါမှာ “This app is not compatible with this version of Android/IOS” လိုမျိုး စာတန်းတွေ ပေါ်လာတာ တွေ့ဖူးပါလိမ့်မယ်။ Compatibility အတွက်ဥ ပမာတစ်ခုပေးရမယ်ဆိုရင် Android version အသစ်တစ်ခု ထွက်လာတယ်ဆိုကြပါစို့။ အရင်က Android version အဟောင်းနဲ့ အလုပ်လုပ်နေတဲ့ အပလီကေးရှင်းတွေဟာ Android version အသစ်ထွက်လာတာနဲ့အတူ update လုပ်ပေးဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ update နဲ့ အတူပဲ guideline အသစ်တွေ၊ security patch တွေ ပါလာတဲ့အခါ app တွေက ဒါမျိုးတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
—
Feature အသစ်များ
ကောင်းမွန်တဲ့ Software တစ်ခုဆိုတာ အမြဲတမ်းတိုးတက်ကောင်းမွန်နေဖို့လိုပါတယ်။ အသုံးပြုသူတွေ စိတ်ကျေနပ်ဖို့နဲ့ အသုံးဝင်မှုအတွက် feature အသစ်တွေနဲ့ အစဥ်မပြတ် ထပ်မံပြီး မွမ်းမံနေဖို့လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ ဒီ feature အသစ်တွေဟာ အရမ်းဆန်းသစ်နေတာမျိုး မဟုတ်ပါဘူး။ ရှာတဲ့အခါ ပိုမြန်တာ၊ UI မှာ ခလုတ်တစ်ခုလောက် ပြောင်းသွားတာလောက်ပဲရှိပါတယ်။ တခါတရံမှာတော့ software တစ်ခုလုံးကို ဒီဇိုင်းပြောင်းလိုက်တာဆိုရင်တော့ လုံးဝ ပြောင်းလဲသွားနိုင်ပါတယ်။ Performance optimization တွေကိုလည်း မေ့ထားလို့ မရပါဘူး။ အရမ်းနှေးတဲ့ app တွေကို တကယ် အသုံးဝင်တယ်ဆိုရင်တောင်မှ ဘယ်သူမှ စိတ်သက်သက်သာသာနဲ့ သုံးလို့ရမျာမဟုတ်ပါဘူး။ ဒါကြောင့် developer တွေက update တစ်ခုချင်းစီနဲ့ အတူ performance ပိုကောင်းအောင် အမြဲကြိုးစားကြပါတယ်။
—-
ခြုံပြောရရင် ဘယ် အပလီကေးရှင်း software ပဲ ဖြစ်ဖြစ် update တစ်ခုရှိပြီဆိုရင် အမြန်ဆုံးလုပ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ software တွေဖြစ်တဲ့ operating system တွေ (Windows, MacOS)၊ banking app တွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ရှိတဲ့ software တွေ စတာတွေကို အချိန်မဆွဲပဲ အမြန်ဆုံး update လုပ်သင့်ပါတယ်။





