,

မိမိ ဘွဲ့ဒီဂရီက Accreditation ရှိ မရှိ ဘယ်လိုစစ်မလဲ

မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ပညာရေးအကြောင်း ပြောပြီဆိုရင် အသိအမှတ်ပြုလက်မှတ် (Accreditation) ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျောင်းတွေ၊ ကောလိပ်တွေကလည်း သူတို့သင်တန်းဟာ ဘယ်လောက် အဆင့်မီပါတယ်၊ ဘယ်နိုင်ငံက အသိအမှတ်ပြုထားပါတယ်ဆိုတာကိုပဲ အပြိုင်အဆိုင် ကြော်ငြာလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလို ဘွဲ့လက်မှတ် တွေနောက် လိုက်နေရင်းနဲ့ စာသင်ခန်းထဲမှာ အမှန်တကယ်ရှိရမယ့် “ တီထွင်ဆန်းသစ်မှု” တွေ ပျောက်ဆုံးနေပြီလားဆိုတာ စဉ်းစားရပါမယ်။

ဒီအခြေအနေမှာ ပညာရေးရဲ့ အနှစ်သာရက အသစ်တွေကို ရှာဖွေတွေ့ရှိဖို့ (Discovery) ထက်၊ အသိအမှတ်ပြု စံနှုန်းတွေနဲ့ ကိုက်ညီဖို့ (Quality Assurance) ဆိုတဲ့ ဘောင်ထဲမှာပဲ ပိတ်မိနေသလို ဖြစ်နေတယ်။ နောက်ပြီး အရှေ့တောင်အာရှရဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုကလည်း “ ဘာလုပ်တတ်လဲ” ဆိုတာထက် “ ဘာဘွဲ့ရထားလဲ” ဆိုတဲ့ စာရွက်ကိုပဲ ကြည့်နေကြသေးတာက ဒီအခြေအနေကို ပိုခိုင်မာစေပါတယ်။ ကျောင်းသားတွေကလည်း ကိုယ်တကယ် ဝါသနာပါတာကို စမ်းသပ်လေ့လာဖို့ထက်၊ အမှတ်ကောင်းကောင်းရပြီး လက်မှတ် ရဖို့ကိုပဲ အဓိကထားလာကြတယ်။ ဒါဟာ ပညာရေးရဲ့ ရည်ရွယ်ချက်ကို လမ်းချော်စေပါတယ်။ တကယ်တော့ ပညာရေးဆိုတာ ဘောင်ခတ်ထားတဲ့ စံနှုန်းတွေအတိုင်း လျှောက်လှမ်းနေရတဲ့ စက်ရုံတစ်ခု မဟုတ်ပါဘူး။ ဆရာတွေမှာလည်း လွတ်လပ်စွာ သင်ကြားခွင့် ရှိရမယ်၊ ကျောင်းသားတွေမှာလည်း မှားမှာမကြောက်ဘဲ စမ်းသပ်ခွင့် ရှိရပါမယ်။ အသိအမှတ်ပြု လက်မှတ်ဆိုတာ ပညာရေးရဲ့ “ အကူအညီ” ပဲ ဖြစ်သင့်ပါတယ်။ စာရွက်ပေါ်က အမှတ်တွေထက်၊ ကလေးတွေရဲ့ တကယ့် အရည်အချင်းနဲ့ တီထွင်နိုင်စွမ်းကို ပိုတန်ဖိုးထားတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ လိုပါတယ်။ ဘွဲ့ရတွေ အများကြီး ထွက်လာဖို့ထက်၊ ပြဿနာတွေကို အသစ်အဆန်းတွေနဲ့ ဖြေရှင်းနိုင်မယ့်သူတွေ ထွက်လာဖို့က ပိုအရေးကြီးပါတယ်။

အရည်အသွေးပြည့်မီတဲ့ ဘွဲ့ရတွေထက် အခုလို ဘွဲ့ရရင်ပြီးတယ်ဆိုတဲ့သူတွေ များလာတဲ့ အခါ အရည်အသွေးမရှိတဲ့ Degree Mill Business တွေ ဖြစ်ပေါ်လာပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို Degree Mill တွေ ရှိပါတယ်။ မသိလိုက်ပဲ အရည်အသွေး ညံ့ဖျင်းတဲ့ ဒီဂရီမျိုး ပိုက်ဆံပေးဝယ်ရတဲ့ အခြေအနေမျိုး မဖြစ်အောင် တတ်သိတဲ့သူတွေကို မေးတာမျိုး၊ အွန်လိုင်းမှာ စစ်ဆေးတာမျိုး လုပ်သင့်ပါတယ်။

ဘွဲ့လက်မှတ် Accreditation ရှိ မရှိ ဘယ်လိုစစ်မလဲ

ဘွဲ့လက်မှတ်ဟာ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ လက်မှတ်၊ ဂုဏ်သရေရှိတက္ကသိုလ်/ ကျောင်းက ပေးတယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီလိုကျောင်းတွေက ပေးတဲ့ ဘွဲ့/ ဒီပလိုမာတွေရဲ့ အရည်အသွေးနဲ့ သင်တဲ့ သင်ရိုး၊ သင်ထောက်ကူတွေက ဖြစ်သလိုလုပ်ထားတာ မဟုတ်ဖို့ များပါတယ်။ အရှေ့တောင်အာရှ နဲ့ နိုင်ငံတကာက ကျောင်းတွေဟာ အသိအမှတ်ပြုမပြုကို အွန်လိုင်းမှာ အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။

၁။ ကမ္ဘာလုံးဆိုင်ရာ အဆင့် (International Level) မှာ စစ်ချင်ရင်

နိုင်ငံတကာက ကျောင်းတွေကို စစ်ဖို့အတွက် အယုံကြည်ရဆုံး ဝဘ်ဆိုဒ်တွေ ဖြစ်ပါတယ်။

World Higher Education Database (WHED)

ဒါကတော့ UNESCO နဲ့ ပူးပေါင်းပြီး လုပ်ထားတဲ့ ဝက်ဘ်ဆိုဒ်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက တက္ကသိုလ်ပေါင်း ၂၀,၀၀၀ ကျော်ရဲ့ အချက်အလက်တွေ ရှိပါတယ်။ Search bar မှာ ကျောင်းနာမည် ဒါမှမဟုတ် နိုင်ငံနာမည်ရိုက်ထည့်ပြီး ရှာကြည့်ပါ။ ဒီထဲမှာ ပါတယ်ဆိုရင်တော့ အဲဒီကျောင်းက “ Official” ဖြစ်ဖို့ ရာခိုင်နှုန်း များပါတယ်။

Link – https://www.whed.net/

၂။ အရှေ့တောင်အာရှ (ASEAN) က ကျောင်းတွေအတွက်

အာဆီယံ နိုင်ငံတွေထဲက ကျောင်းတွေကို စစ်ချင်ရင်တော့ AUN (ASEAN University Network) က အသိအမှတ်ပြုထားလားဆိုတာ ကြည့်နိုင်ပါတယ်။ AUN-QA ကွန်ရက်ထဲမှာ ပါတဲ့ ကျောင်းတွေကတော့ အာဆီယံအဆင့်မီတယ်လို့ ဆိုနိုင်ပါတယ်။
Link – http://www.aunsec.org/

၃။ ဥရောပတိုက်က ဘွဲ့တွေအတွက် (ENIC-NARIC)

ဥရောပနိုင်ငံ (ဥပမာ- ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန်) က ကျောင်းဆိုရင် ဒါကအယုံကြည်ရဆုံးဖြစ်ပါတယ်။ ဥရောပနိုင်ငံအသီးသီးရဲ့ ပညာရေးဝန်ကြီးဌာနတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာမို့ “ တရားဝင် ဟုတ်/မဟုတ်” ကို အတိအကျသိနိုင်ပါတယ်။
Link – https://www.enic-naric.net/

၄။ UK က ဘွဲ့တွေအတွက် (HEDD)

ဗြိတိန် (UK) ကျောင်းတွေက မြန်မာပြည်နဲ့ အတော်လေးရင်းနှီးပေမဲ့ အတုတွေလည်း အများဆုံးပါ။ HEDD (Higher Education Degree Datacheck) မှာ စစ်နိုင်ပါတယ်။ ဒါက UK အစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ Verification ဝန်ဆောင်မှုဖြစ်ပါတယ်။ ကျောင်းနာမည်တင်မကဘဲ အဲဒီကျောင်းက “ ဘွဲ့ပေးပိုင်ခွင့်” တကယ်ရှိမရှိပါ စစ်လို့ရပါတယ်။

Link – https://hedd.ac.uk/

၅။ ကမ္ဘာတစ်ဝန်းက ကျောင်းသားဟောင်းတွေ စစ်ဆေးဖို့ (National Student Clearinghouse)

ဒါကတော့ အထူးသဖြင့် အမေရိကန်နဲ့ တခြားနိုင်ငံတကာကျောင်းတွေက ဘွဲ့ရထားတဲ့သူတစ်ယောက်ဟာ “ တကယ်ပဲ အဲဒီကျောင်းဆင်း ဟုတ်မဟုတ်” ကို စစ်တာပါ။ လုပ်ရှင်တွေ အသုံးများပါတယ်။ လူတစ်ယောက်က သူ့ resume မှာ ရေးထားတဲ့ ဘွဲ့ဟာ တကယ်ဟုတ်လားဆိုတာကို စက္ကန့်ပိုင်းအတွင်း Verification လုပ်ပေးနိုင်ပါတယ်။

Link – https://www.studentclearinghouse.org/

Related Posts