ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းနှင့် အထောက်အထားမဲ့ ကလေးငယ်များအားလုံး တရားဝင် ကျောင်းတက်ခွင့်ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်

ထိုင်းနိုင်ငံတစ်ဝန်းရှိ အစိုးရကျောင်းများအနေဖြင့် လူမျိုး၊ နိုင်ငံသားနှင့် တရားဝင်နေထိုင်ခွင့် အဆင့်အတန်း မခွဲခြားဘဲ ရွှေ့ပြောင်းကလေးငယ်များနှင့် အထောက်အထားမဲ့ ကလေးငယ်များအားလုံးကို လက်ခံသင်ကြားပေးရန် ထိုင်းပညာရေးဝန်ကြီးဌာနက တရားဝင် အမိန့်ထုတ်ပြန်လိုက်သည်။

ယင်းအမိန့်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့စွဲဖြင့် တော်ဝင်ပြန်တမ်း (Royal Gazette) တွင် ဖော်ပြခဲ့ပြီး ပညာရေးဝန်ကြီး မစ္စ နာရူမွန် ပင်ယိုဆင်ဝပ် (Narumon Pinyosinwat) က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ စည်းမျဉ်းသစ်သည် ၂၀၂၅ ပညာသင်နှစ် မှစတင်၍ အကျိုးသက်ရောက်မည် ဖြစ်သည်။

အဓိက ထူးခြားချက်များ

ယခင် ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သော ကန့်သတ်ချက်အချို့ပါဝင်သည့် စည်းမျဉ်းကို ပယ်ဖျက်လိုက်ပြီး၊ ယခုအခါ ထိုင်းနိုင်ငံအတွင်းရှိ မည်သည့်ဒေသတွင်မဆို နေထိုင်သည့် ကလေးငယ်မဆို မည်သည့်ပညာရေးအဆင့်ကိုမဆို တက်ရောက်ခွင့်ရှိမည် ဖြစ်သည်။

အိမ်ထောင်စုစာရင်း သို့မဟုတ် ၁၃ လုံးပါ မှတ်ပုံတင်နံပါတ် မရှိသော ကလေးငယ်များအတွက် ကျောင်းများမှ G Code ထုတ်ပေးရန် မဖြစ်မနေ လိုအပ်သည်။ ဤနံပါတ်သည် ကျောင်းသားတစ်ဦးချင်းစီအတွက် အစိုးရထံမှ ပညာရေးထောက်ပံ့ကြေး ရရှိရန်နှင့် ကျောင်းသားမှတ်တမ်းများ ထိန်းသိမ်းရန် အသုံးပြုမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မွေးဖွားပြီး နိုင်ငံမဲ့ဖြစ်နေသော ကလေးငယ်များအတွက် ဤကဲ့သို့ အစိုးရကျောင်းများတွင် ပညာသင်ယူပြီးမြောက်ခြင်းသည် အနာဂတ်တွင် ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားနိုင်ရန် အရေးပါသော အထောက်အထား တစ်ရပ်ဖြစ်လာမည်ဟု ဆိုသည်။

ဤမူဝါဒသည် ကလေးသူငယ်အခွင့်အရေးများအရ ဆောင်ရွက်ခြင်းဖြစ်သလို၊ လူငယ်များ ပညာတတ်မြောက်ခြင်းဖြင့် ထိုင်းနိုင်ငံအပေါ် ကောင်းမွန်သော သဘောထားများ ရှိလာစေရန်နှင့် ရေရှည်တွင် နိုင်ငံတော်လုံခြုံရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

Ref:

https://www.khaosodenglish.com/news/2026/01/31/education-ministry-allows-stateless-migrant-children-to-enrol-in-thai-schools/

https://ratchakitcha.soc.go.th/documents/102460.pdf

Related Posts