,

ကမ္ဘာ့ပထမဆုံး Computer Programmer

ကွန်ပျူတာတွေ ဘယ်အချိန်က စပေါ်ခဲ့သလဲ ဆိုတဲ့မေးခွန်းကို ဖြေရရင် ၁၉၀၀ အစောပိုင်းမှာလို့ပြောလို့ရပါတယ်။ ENIAC (Electrical Numerical Integrator and Computer) ဟာ ကမ္ဘာ့ပထမဦးဆုံး computer တစ်လုံးဖြစ်ပြီးတော့ ၁၉၄၅ ခုနှစ်မှာပြီးမြောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေစပြီးတော့ Computing လောကဟာ တဖြည်းဖြည်းတိုးတက်လာပြီးတော့ ၁၉၈၄ ခုနှစ်မှာ Apple က Macintosh Computer ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲနောက်မှာ Computer တွေဟာ တရှိန်ထိုးတိုးတက်လာခဲ့ပြီး ၂၁ ရာစုမှာတော့ စွမ်းဆောင်ရည်တွေဟာ စိတ်ကူးနဲ့တောင် မယှဉ်နိုင်လောက်အောင် အဆင့်မြင့်လာခဲ့ပါပြီ။ အစစ်နဲ့ အရမ်းတူတဲ့ ပုံတွေဖန်တီး ကနေ စပြီး လူ့ညဏ်ရည်တု (Artificial Intelligence) အထိ စိတ်ကူးစိတ်သန်း ရှိရင်ရှိ သလောက် program တွေရေးဆွဲလာနိုင်ခဲ့ပါပြီ။

ကွန်ပျူတာတွေဟာ ၂၀ ရာစုမှာ စတင်ပေါ်ပေါက်ခဲ့ပေမယ့် computing နဲ့ algorithmic concept တွေဟာ ရှေးရာစုနှစ်တွေထဲကနေ တည်ရှိနေခဲ့တာပါ။ ပထမဆုံး Programmer ကို ပြပါဆိုလို့ ရှိရင် Ada Lovelace လို့ပြောရပါလိမ့်မယ်။ ထူးခြားချက်ကတော့ သူမဟာ အမျိူးသမီးဖြစ်တဲ့ အပြင် သူ့ရဲ့ခေတ်အချိန်မှာ ကျွန်တော့တို့နားလည်ထားတဲ့ ကွန်ပျူတာ တွေတောင် မရှိခဲ့ပါဘူး။

Ada Lovelace ဟာ ၁၈၁၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီးတော့ သူ့မိဘတွေကတော့ ကဗျာဆရာ ဖခင် George Byron (Lord Byron) နဲ့ ပညာတတ်မိခင် Anne Isabella Milbanke (Lady Byron) တို့ပဲဖြစ်ပြီး သူ့ကိုမွေးဖွားပြီး ငါးပတ်အကြာမှာပဲ အိမ်ထောင်ကွဲခဲ့ပါတယ်။ ဒါကြောင့် Ada Lovelace ဟာ သူ့မိခင်ရဲ့ ထိန်းကျောင်းမှု အောက်မှာပဲ ကြီးပြင်းလာပြီး သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ ကျွမ်းကျင်တဲ့ သူမရဲ့ မိခင်က Ada ရဲ့ ပညာရေးလမ်းကြောင်းကို လွှမ်းမိုးခဲ့ပါတယ်။

အသက် ၁၇ နှစ် ရောက်တဲ့အချိန် party တစ်ခုမှာ Charles Babbage ဆိုတဲ့ အင်ဂျင်နီယာ၊ သင်္ချာပညာရှင် တစ်ယောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့တွေ့ချင်းမှာပဲ Chales Babbage ရဲ့ တီထွင်မှုတွေကို အလွန်အမင်း သဘောကျခဲ့တာကြောင့် Charles ဟာ နောက်ပိုင်းမှာ သူမရဲ့ ဆရာ (mentor) တစ်ယောက်လည်းဖြစ်၊ collaborator တစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်။

Analytical Engine နဲ့ Note G

Analytical Engine ဟာ Charles Babbage က ဒီဇိုင်းရေးဆွဲခဲ့တဲ့ အထွေထွေသုံး ကွန်ပျူတာစနစ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီစက်ဟာ သာမန်တွက်ချက်မှုတွေကိုသာ လုပ်ဆောင်နိုင်တဲ့ စက်တွေမဟုတ်ဘဲ “mill” လို့ခေါ်တဲ့ တွက်ချက်မှုလုပ်ဆောင်ရာပိုင်း၊ “store” လို့ခေါ်တဲ့ အချက်အလက်သိုလှောင်ရာပိုင်း၊ နဲ့ punched card တွေကို အသုံးပြုပြီး အလုပ်လုပ်ပုံကို ထိန်းချုပ်နိုင်တဲ့ စနစ်တွေ ပါဝင်အောင် ဒီဇိုင်းဆွဲထားခဲ့ပါတယ်။ ဒီလိုကြောင့် Analytical Engine ဟာ အလုပ်လုပ်ပုံကို ပြန်လည်ပြင်ဆင်ရေးသားနိုင်တဲ့ programmable machine တစ်ခုဖြစ်ပြီး ယနေ့ခေတ် ကွန်ပျူတာတွေ၏ အခြေခံအယူအဆတွေကို ကြိုတင်သဘောပေါက်ထားတဲ့ စနစ်တစ်ခုလို့ ပြောလို့ရပါတယ်။

ဘာလို့ Ada Lovelace ကို ပထမဆုံး programmer လို့ခေါ်လဲဆိုလို့ရှိရင် သူ့ရဲ့ ၁၈၄၃ ခုနှစ်တုန်းက အီတလီဘာသာနဲ့ Analytical Engine အကြောင်းရေးသားထားတဲ့ စာတမ်းကို ဘာသာပြန်ရာမှာ သူမက သူ့ကိုယ်ပိုင် မှတ်စုတွေ ထည့်သွင်းရေးသားခဲ့ပြီး အဲ့ဒီထဲမှာ Bernoulli numbers တွက်ချက်ဖို့အတွက် အဆင့်လိုက် လုပ်ဆောင်ရမယ့် နည်းလမ်းကို အသေးစိတ် ရေးသားထားခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီ algorithm ကို Note G လို့ လူသိများပြီးတော့ သမိုင်းမှာ ပထမဆုံး algorithm တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင်ကို သူဟာ နောင်အချိန်မှာ စက်တွေဟာ ဂဏန်းတွေကို တွက်ရုံတင်မကပဲ ဂီတတွေ ရေးနိုင်မယ်၊ ပုံရိပ်တွေကိုလည်းဖန်တီးလာနိုင်မယ် ဆိုပြီးတော့တောင် ခန့်မှန်းနိုင်ခဲ့ပါတယ်။

သိပ္ပံပညာရှင် လောက မှာ သူ့ရဲ့ IQ က ၁၆၀ အထက်မှာ ဖြစ်လို့ အိုင်စတိန်း ထက်တောင် မြင့်သေးတယ် လို့ ပြောလေ့ရှိကြပြီး Ada Lovelace ဟာ Computing ရဲ့ သမိုင်းကြောင်းမှာ အရေးပါအရာရောက်တဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့တဲ့ သမိုင်းဝင်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

Source: https://www.britannica.com/biography/Ada-Lovelace

Related Posts