,

ပညာသင်ဆု (Scholarship) အတွက် အက်ဆေးဘယ်လိုရေးမလဲ

ပညာသင်ဆုလျှောက်ထားတဲ့အခါ အမှတ်စာရင်းတွေ၊ ထောက်ခံစာတွေအပြင် ကိုယ့်ရဲ့ အရည်အချင်းနဲ့ စိတ်အားထက်သန်မှုကို အထိရောက်ဆုံး ပြသနိုင်တာကတော့ Scholarship Essay ပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အက်ဆေးတစ်စောင်ဟာ ပညာသင်ဆုပေးမယ့် ကော်မတီရဲ့ အာရုံစိုက်မှုကို ရရှိစေနိုင်ပါတယ်။

အက်ဆေးရေးသားရာမှာ သတိပြုရမယ့် အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အက်ဆေးခေါင်းစဉ်ကို သေချာနားလည်အောင် ဖတ်ပါ။

ပညာသင်ဆုတစ်ခုချင်းစီမှာ မေးလေ့ရှိတဲ့ မေးခွန်းပုံစံတွေ ရှိပါတယ်။ ဥပမာ – “ အနာဂတ် ရည်မှန်းချက်က ဘာလဲ” ဒါမှမဟုတ် “ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ” စသဖြင့် ဖြစ်ပါတယ်။ မေးခွန်းကို သွေဖည်ပြီး မရေးမိဖို့နဲ့ မေးထားတဲ့ အချက်အားလုံးကို ပြည့်စုံအောင် ဖြေဆိုဖို့ အရေးကြီးပါတယ်။

၂။ စိတ်ဝင်စားစရာကောင်းတဲ့ စာပိုဒ်နဲ့ စရေးပါ။

အက်ဆေးစစ်တဲ့သူတွေဟာ တစ်နေ့ကို အက်ဆေး ရာနဲ့ချီ ဖတ်ရတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အက်ဆေး ပထမစာပိုဒ်ဟာ ဖတ်သူကို ဆွဲဆောင်နိုင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ဘဝအတွေ့အကြုံထဲက ထူးခြားတဲ့ အဖြစ်အပျက်တစ်ခု နဲ့ စရေးတာ အကောင်းဆုံး ဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်း ကိုယ့်အကြောင်းကို မိတ်ဆက်တာထက် ဘဝရဲ့ အချိုးအကွေ့တစ်ခု၊ ဘဝကို ပြောင်းလဲစေတဲ့အဖြစ်အပျက်တစ်ခု သို့မဟုတ် ဖြစ်ချင်တဲ့ ဆန္ဒကို စတင်ဖြစ်ပေါ်စေခဲ့တဲ့ အခိုက်အတန့်တစ်ခုကို ပုံဖော်ရေးသားသင့်ပါတယ်။ ဥပမာ – ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် “ ကျွန်တော် ဆရာဝန်ဖြစ်ချင်ပါတယ်” လို့ ရေးမည့်အစား ကိုယ်ကြုံတွေ့ခဲ့ရတဲ့၊ ကိုယ်ကြီးပြင်းခဲ့တဲ့ ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှု ခက်ခဲခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို မြင်ယောင်လာအောင် ရေးသားတာမျိုး ဖြစ်ပါတယ်။

အက်ဆေးအစပိုင်းမှာ အရမ်းယေဘုယျ ဆန်တဲ့ အကြောင်းအရာမျိုးတွေ မရေးမိအောင် သတိထားသင့်ပါတယ်။

၃။ ကိုယ်တိုင်ရေးသားခြင်း ဖြစ်ပါစေ။

အက်ဆေးဖတ်တဲ့သူတွေဟာ ထပ်ခါတလဲလဲ တစ်ပုံစံတည်း ဖြစ်နေတဲ့ စာသားတွေကို ဖတ်ရတာထက် လျှောက်ထားသူရဲ့ စရိုက်နဲ့ စိတ်နေစိတ်ထားကို သိရှိနိုင်မယ့် အက်ဆေးမျိုးကို ပိုကြိုက်ကြပါယ်။ ဒါကြောင့် အခြားသူတွေရဲ့ အက်ဆေးတွေကို နမူနာယူနိုင်ပေမယ့် စာသားတွေကို တိုက်ရိုက်ကူးချတာမျိုး (Plagiarism) လုံးဝမလုပ်သင့်ပါဘူး။

၄။ သက်သေနှင့်တကွ ဖော်ပြပါ။

“ ကျွန်တော်ဟာ ခေါင်းဆောင်မှု အရည်အချင်း ရှိပါတယ်” လို့ ရေးမယ့်အစား “ ကျွန်တော်ဟာ ကျောင်းက ပရဟိတအသင်းမှာ အဖွဲ့ဝင် (၂၀) ကို ဦးဆောင်ပြီး ရန်ပုံငွေ ဘယ်လောက် ရှာပေးနိုင်ခဲ့ပါတယ်” ဆိုတာမျိုး အတိအကျ ဖော်ပြတာက ပိုပြီး ထိရောက်ပါတယ်။

ဒါ့အပြင် ကိုယ့် လုပ်ဆောင်ချက်တွေ၊ အရည်အချင်းတွေနဲ့ အောင်မြင်မှုတွေကို ရေးသားတဲ့အခါမှာည်း မရှိတဲ့ အရာတွေကို ချဲ့ကားရေးတာထက် တကယ့်အခြေအနေကို ရိုးရိုးသားသား ဖော်ပြတာက ပိုကောင်းပါတယ်။ ဥပမာ – ကိုယ်က အခက်အခဲတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုရင် ဒီအခက်အခဲကြောင့် သင်ယူနိုင်ခဲ့တဲ့ သင်ခန်းစာနှင့် ဒီအခြေအနေက ကိုယ့်ကို ဘယ်လို ရင့်ကျက်အောင် တွန်းအားပေးခဲ့သလဲ ဆိုတာတွေကို ထည့်ရေးပေးသင့်ပါတယ်။

၅။ အမှားအယွင်းများကို သေချာစစ်ဆေးပါ။

အက်ဆေးရေးပြီးသွားရင် အနည်းဆုံး (၂) ကြိမ်လောက် ပြန်ဖတ်ဖို့ အရေးကြီးပါတယ်။ သဒ္ဒါအမှား ၊ စာလုံးပေါင်းအမှား တွေ ရှိနေရင် ကိုယ့် အပလီကေးရှင်းကို ထိခိုက်စေနိုင်ပါတယ်။ တတ်နိုင်ရင် ကိုယ့်ထက် အတွေ့အကြုံရှိတဲ့သူ (သို့မဟုတ်) ဆရာ/ဆရာမတွေကို တစ်ခေါက်လောက် ပြန်စစ်ဖို့ အကူအညီတောင်းတာ အကောင်းဆုံးပါ။ နောက်နည်းလမ်းတစ်ခုက Microsoft Word မှာပါတဲ့ စာလုံးပေါင်း အမှားရှာပေးတဲ့ Spelling Check ကို On ထားပေးရင်လည်း စာလုံးပေါင်းအမှားတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

၆။ စိတ်အားထက်သန်မှုကို ပေါ်လွင်အောင်ရေးပါ။

နောက်အရေးကြီးတဲ့အချက်ကတော့ ရွေးချယ်ထားသော ဘာသာရပ်အပေါ် သင်၏ စိတ်အားထက်သန်မှုကို ပေါ်လွင်အောင် ရေးသားရပါမယ်။ “ ဒီဘာသာရပ်ကို သင်ချင်တယ်” ဟု ရိုးရိုးရေးတာမျိုးမဟုတ်ပဲ “ ဘာကြောင့် သင်ချင်တာလဲ၊ ဒီဘာသာရပ်က သင့်အနာဂတ်အတွက် ဘယ်လိုအရေးပါသလဲ၊ အရင်က ဒီဘာသာရပ်နဲ့ ဆိုင်တာတွေ လုပ်ခဲ့ဖူးသလဲ” ဆိုတဲ့ အချက်တွေကို သေချာရေးပေးရပါမယ်။ ဒါ့အပြင် ဒီပညာရပ်နဲ့ လူ့အဖွဲ့အစည်းကို ဘယ်လို ပြန်လည်အကျိုးပြုမလဲဆိုတာကို ထည့်ရေးဖို့ မမေ့ပါနဲ့။

ဒီအချက်တွေကို နားလည်ထားရင် လျှောက်ထားတဲ့ စကောလားရှစ် အပလီကေးရှင်းတွေ့ အတွက် အထောက်အပံ့ဖြစ်ပါလိမ့်မယ်။

Related Posts