ကျွန်တော်တို့တွေက ဉာဏ်ကောင်းတဲ့ တိရစ္ဆာန်တွေလို့ ပြောလိုက်ရင် မျောက်တွေ၊ ခွေးတွေ ဒါမှမဟုတ် လင်းပိုင်တွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။ အဲ့ဒါကိုကြည့်ရင် လူတော်တော်များများက ကျောရိုးရှိ နို့တိုက်သတ္တဝါတွေကပဲ အသိဉာဏ်မြင့်မားတယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါက ယေဘုယျအားဖြင့်ကြည့်ရင်တော့မမှားပါဘူး။ နို့တိုက်သတ္တဝါတော်တော်များများက အသိုက်အဝန်းနဲ့နေထိုင်ကြတာဖြစ်လို့ အချင်းချင်းနားလည်နိုင်ဖို့အတွက် အသိဉာဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ မြင့်မားအောင် ဆင့်ကဲပြောင်းလဲလာခဲ့ကြတာပါ။ ဒါပေမဲ့ ကျောရိုးမဲ့ သတ္တဝါဖြစ်တဲ့ ရေဘဝဲတွေဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ထူးခြားတဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ဟာ ကျောရိုးရှိနို့တိုက်သတ္တဝါတွေနဲ့ ဆင့်ကဲဖြစ်စဉ်အရ အလွန်ကွာခြားပေမဲ့ သူတို့ရဲ့ ဦးနှောက်ဖွဲ့စည်းပုံနဲ့ စဉ်းစားတွေးခေါ်ပုံတွေဟာ သိပ္ပံပညာရှင်တွေအတွက် အံ့အားသင့်စရာ ဖြစ်ပါတယ်။
ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ
ရေဘဝဲတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက လူသားတွေနဲ့ လုံးဝမတူပါဘူး။ ရေဘဝဲတစ်ကောင်ရဲ့ အာရုံကြောဆဲလ် (Neurons) သုံးပုံနှစ်ပုံလောက်က သူတို့ရဲ့ လက်တံတွေမှာ ရှိနေတာဖြစ်ပြီး ဒါကို “ Distributed Intelligence” လို့ခေါ်ပါတယ်။ ဆိုလိုတာကတော့ လက်တံတစ်ခုချင်းစီက ဗဟို ဦးနှောက်ကို စောင့်စရာမလိုဘဲ အစာကို စမ်းသပ်တာ၊ အရသာခံတာတွေကို သီးခြား ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင်နောက်ထပ်ထူးခြားတာတစ်ခုက အရေပြားမှာ iridophores နဲ့ leucophores လို့ခေါ်တဲ့ ဆဲလ်စ်တွေပါရှိတဲ့အတွက် ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင် အရောင်ပြောင်းနိုင်စွမ်းရှိပါတယ်။
အံ့အားသင့်စရာကောင်းသော စွမ်းရည်များ
သိပ္ပံပညာရှင်တွေက ရေဘဝဲတွေကို ဉာဏ်ရည်အလွန်မြင့်မားတယ်လို့ခေါ်ရတဲ့ အဓိကအကြောင်းအရင်း ၃ ချက်ရှိပါတယ်။ အဲ့တာတွေကတော့-
ကိရိယာတန်ဆာပလာ အသုံးပြုခြင်း (Tool Use) – ရေဘဝဲတွေဟာ အုန်းမှုတ်ခွက်လိုမျိုး အခွံမာတွေကို သယ်သွားပြီး သူတို့အတွက် အကာအကွယ် သို့မှဟုတ် အိမ်အဖြစ် ပြန်လည်အသုံးပြုတတ်ကြပါတယ်။
ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving) – သူတို့ဟာ အစာထည့်ထားတဲ့ ပုလင်းအဖုံးတွေကို လှည့်ဖွင့်တာမျိုး၊ ငါးကန်တွေထဲကနေ လွတ်မြောက်အောင် လမ်းရှာတာမျိုးတွေကို သင်ပေးစရာမလိုဘဲ သူတို့ဘာသာ စဉ်းစားပြီး လုပ်ဆောင်နိုင်ကြပါတယ်။
စရိုက်လက္ခဏာနှင့် ပျော်တတ်ခြင်း (Personality & Playfulness) – ရေဘဝဲတွေမှာ ကိုယ်ပိုင် စရိုက်လက္ခဏာတွေလည်း ရှိကြပါတယ်။ သူတို့က တစ်ခါတလေမှာ ပျင်းရိတတ်ပြီး အရုပ်တွေနဲ့ ဆော့ကစားတာမျိုး ရှိသလို၊ သူတို့ကို အစာကျွေးတဲ့ လူတွေကို မှတ်မိပြီး လူတစ်ယောက်နဲ့ တစ်ယောက်အပေါ် ဆက်ဆံပုံခြင်း မတူတာမျိုးတွေလည်း တွေ့ရှိရပါတယ်။
ဒါတွေကိုကြည့်ပြီး သိပ္ပံပညာရှင်တွေက ရေဘဝဲတွေဟာ ၃ နှစ်သားအရွယ်ကလေးငယ်တွေနဲ့ အသိဉာဏ်ဆင်တူတယ်လို့ သုံးသပ်ကြပါတယ်။ ၃နှစ်သားအရွယ်လောက်ပဲ ဉာဏ်ကောင်းတယ်ဆိုတာ သိပ်အထင်ကြီးစရာ မကောင်းဘူးလို့ ထင်ရပေမဲ့ တိရိစ္ဆာန်လောကထဲမှာတော့ ဒါဟာ အလွန့်အလွန်ကို ရှားပါးတဲ့ စွမ်းရည်တစ်ခုပါ။

ဉာဏ်ကောင်းလာရခြင်း၏ အဓိကအကြောင်းရင်း
ဒီလို ဉာဏ်ရည်ထက်မြက်လာရခြင်းရဲ့ နောက်ကွယ်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ရှင်သန်ရပ်တည်ရေး ပါပဲ။ ရေဘဝဲတွေမှာ တခြား ခရုမျိုးနွယ်တွေလို အကာအကွယ်ပေးမယ့် အခွံမာတွေ မရှိပါဘူး။ ဒါ့အပြင် သူတို့ဟာ မွေးကတည်းက မိဘမဲ့တွေလို ကြီးပြင်းရတာဖြစ်ပြီး ဘယ်အရာကိုမှ သင်ပေးမယ့်သူမရှိဘဲ ပတ်ဝန်းကျင်ကနေ ကိုယ်တိုင် သင်ယူလေ့လာကြရပါတယ်။ ဒီလို အကာအကွယ်မဲ့နေတဲ့ အခြေအနေမှာ သားရဲတွေရဲ့ ရန်ကနေ လွတ်မြောက်ဖို့နဲ့ အစာရှာဖွေဖို့အတွက် သူတို့ရဲ့ ဦးနှောက်ကို အစွမ်းကုန်အသုံးချဖို့လိုအပ်တာကြောင့် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်က ရေဘဝဲတွေကို အရမ်းကိုထက်မြက်တဲ့ ဉာဏ်ရည်ကိုရရှိစေပါတယ်။
ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ သူတို့ရဲ့ သက်တမ်းဟာ ၁ နှစ်ကနေ ၂ နှစ်လောက်အထိပဲ ရှည်ကြာတတ်တာပါ။ ဒီအချက်က သူတို့ကို လူသားတွေလိုမျိုး အသိဉာဏ်ပိုမိုမြင့်မားလာဖို့နဲ့ မျိုးဆက်တစ်ခုကနေ တစ်ခုဆီ အသိပညာလက်ဆင့်ကမ်းပြီး ယဉ်ကျေးမှုတစ်ခု တည်ဆောက်နိုင်ဖို့ ဟန့်တားထားတဲ့ အဓိက အတားအဆီးတစ်ခုဖြစ်နေပါတယ်။ အကယ်၍ ဒီအတားအဆီးသာမရှိရင် ရေဘဝဲတွေဟာ လူတွေထက်တောင် ပိုပြီး တိုးတက်နိုင်ပါတယ်။
နိဂုံး
ဒါပေမဲ့လည်း ဒီလို သက်တမ်းတိုတောင်းမှုနဲ့ ကန့်သတ်ချက်တွေ ရှိနေတာတောင်မှ သူတို့ရဲ့ သင်ယူနိုင်စွမ်းနဲ့ ဉာဏ်ရည်ကတော့ လေးစားလောက်စရာပါပဲ။ ရေဘဝဲတွေဟာ ကျွန်တော်တို့ လူသားတွေနဲ့ လုံးဝမတူညီတဲ့ ဆင့်ကဲဖြစ်စဉ် လမ်းကြောင်းတစ်လျှောက် လျှောက်လှမ်းခဲ့ကြပြီး ကိုယ်ပိုင်ဟန်နဲ့ အသိဉာဏ်မြင့်မားလာကြတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သိပ္ပံပညာရှင်အချို့က ရေဘဝဲတွေကို ‘ကမ္ဘာမြေပေါ်က ဂြိုဟ်သားများ’ (Aliens on Earth) လို့ တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါလိမ့်မယ်။





