ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာမိဘတစ်ဦးအနေနဲ့ ကလေးအတွက် ကျောင်းရွေးချယ်ခြင်းဟာ အလွန်အရေးအကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ မှန်ကန်တဲ့ကျောင်းဟာ ပညာရေးအတွက်သာမက စိတ်ခံစားမှုနှင့် လူမှုရေးအတွက်ပါ အထောက်အပံ့ ဖြစ်နိုင်ပါတယ်။ ကျောင်းဟာ သင့်ကလေးရဲ့ နေ့စဉ်အချိန်အများစုကို ကုန်ဆုံးမယ့်၊ ပထမဆုံးမိတ်ဆွေ ဖွဲ့မယ့်၊ ယဉ်ကျေးမှုအသစ်တစ်ခုအတွင်းမှာ လိုက်လျောညီထွေဖြစ်အောင် နေမည့်နေရာတစ်ခု ဖြစ်ပါတယ်။
ထိုင်းနိုင်ငံသို့ ရောက်ရှိခါစဖြစ်စေ၊ ကျောင်းပြောင်းဖို့ စဉ်းစားနေသည်ဖြစ်စေ၊ ကျောင်းတွေဆီကို ကိုယ်တိုင်သွားရောက်လေ့လာခြင်းဟာ မဖြစ်မနေလုပ်ဆောင်သင့်သော အဆင့်တစ်ခုပါ။ ကျောင်းကို လှည့်လည်ကြည့်ရှုခြင်းဟာ ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေနှင့် ဘယ်လိုဆက်ဆံသလဲ၊ စာသင်ခန်းတွေက ဘယ်လိုရှိသလဲ၊ ကျောင်းရဲ့ ပတ်ဝန်းကျင်က သင့်ကလေးနှင့် ကိုက်ညီမှုရှိမရှိ ဆိုတာတွေကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ဖို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်ပါတယ်။
ဒီပို့စ်မှာ ကျောင်းတွေဆီ သွားရောက်လေ့လာတဲ့အခါ မေးမြန်းသင့်တဲ့ အဓိကမေးခွန်းဆယ်ခုကို ဖော်ပြပေးထားပါတယ်။
၁။ ကျောင်းက ဘယ်သင်ရိုးညွှန်းတန်းတွေကို လိုက်နာသလဲ။ တခြား စနစ်တွေနဲ့ရော ဘယ်လောက်ထိ ကောင်းကောင်းမွန်မွန် ချိတ်ဆက်ထားသလဲ။
ကျောင်းတစ်ကျောင်းကို စဉ်းစားတဲ့အခါ ပထမဆုံး မေးခွန်းတစ်ခုပါ။ ထိုင်းနိုင်ငံမှာ ထိုင်းအမျိုးသားသင်ရိုးညွှန်းတမ်းတွေကနေ၊ ဗြိတိန်၊ အမေရိကန် သို့မဟုတ် International Baccalaureate (IB) သင်ရိုးတွေကို သင်ကြားပေးတဲ့ အပြည်ပြည်ဆိုင်ရာကျောင်းတွေအထိ ရွေးချယ်စရာများစွာရှိပါတယ်။
ဒါ့အပြင် ဒီမေးခွန်းတွေပါ ဆက်မေးနိုင်ပါတယ် –
· သင်ရိုးစနစ်အချင်းချင်း ကူးပြောင်းတဲ့အခါ (ဥပမာ – ဗြိတိန်စနစ်ကနေ IB စနစ်ကို) ကျောင်းက ဘယ်လိုကူညီပံ့ပိုးပေးသလဲ။
· နိုင်ငံခြားကနေ ပြောင်းရွှေ့လာတဲ့သင့်ကလေးအတွက် နောက်ထပ်ပံ့ပိုးမှုတွေ လိုအပ်မလား။
ထိုင်းအစိုးရကျောင်းကို စဉ်းစားနေရင် ကျောင်းသင်ခန်းစာတွေကို အဓိကထိုင်းဘာသာနဲ့ သင်ကြားတာဖြစ်တာကြောင့် ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင်မပြောနိုင်ဘူးဆိုရင် အထက်တန်းအရွယ်ကလေးတွေနဲ့ သင့်တော်ချင်မှ သင့်တော်ပါလိမ့်မယ်။
၂။ ကျောင်းသား-ဆရာ အချိုးက ဘယ်လောက်ရှိသလဲ၊ နိုင်ငံပေါင်းစုံက ကျောင်းသားကျောင်းသူတွေ ဘယ်လောက်အထိ စုံလင်သလဲ။
ဒီမေးခွန်းက သင့်ကလေးရဲ့ ပညာရေးဆိုင်ရာ အထောက်အပံ့နဲ့ လူမှုရေးပိုင်းဆိုင်ရာ နေသားကျမှုကို ကျောင်းက ဘယ်လိုထောက်ပံ့ပေးနိုင်မလဲဆိုတာကို အကဲဖြတ်နိုင်အောင် ကူညီပေးပါတယ်။
(က) ကျောင်းသား-ဆရာ အချိုး – ဒီအချိုးနည်းလေ (ဥပမာ – ဆရာတစ်ယောက်ကို ကျောင်းသား ၁၀ ယောက်)၊ ဆရာဆရာမတွေက ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီကို ပိုမိုဂရုစိုက်ပေးနိုင်ပြီး စာကို ပိုမိုနီးကပ်စွာ လမ်းညွှန်သင်ကြားနိုင်ပါတယ်။
(ခ) လူမျိုးစုံလင်မှု – ကျောင်းသားတွေကြားမှာ နိုင်ငံခြားသားကလေးတွေ၊ ယဉ်ကျေးမှုအမျိုးမျိုးက ကလေးတွေ ရှိခြင်းဟာ သင့်ကလေးကို လက်ရှိ ကမ္ဘာတစ်ဝှမ်းကပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်ကူညီပေးပါတယ်။
International school တွေမှာ နိုင်ငံခြားသားများတာက အဓိကအချက်ဖြစ်တာကြောင့် အကယ်၍ကိုယ်က လူမျိုးစုံလင်တဲ့ ကျောင်းမျိုးကိုစိတ်ဝင်စားရင် ကျောင်းဆီကနေ နောက်ထပ်အချက်အလက်တွေကို မေးမြန်းလို့ရပါတယ်။
ဘာသာစကားနှစ်မျိုးသင်ကျောင်းများ (Thai-English) သို့မဟုတ် ကိုယ်ပိုင်ကျောင်းများ မှာတော့ ကျောင်းသားအများစုဟာ ထိုင်းလူမျိုးတွေ ဖြစ်နေတတ်တဲ့အတွက် ဒေသခံပတ်ဝန်းကျင်လိုမျိုးခံစားမှုမျိုးကို ပိုမိုရရှိစေပါတယ်။
၃။ ဆရာတွေမှာ ဘယ်လိုအရည်အချင်းတွေနဲ့ လေ့ကျင့်မှုတွေ ရရှိထားလဲ။
မိဘအများစုက အပြည်ပြည်ဆိုင်ရာကျောင်းတွေမှာ အင်္ဂလိပ်စကားကို မိခင်ဘာသာစကားအနေနဲ့ပြောဆရာဆရာမတွေကိုပဲ ခန့်ထားတယ်လို့ ထင်ကြပေမဲ့၊ ဒါက အမြဲတမ်းမမှန်ပါဘူး။ ဒီမေးခွန်းတွေမေးမြန်းနိုင်ပါတယ် –
(က) ဆရာတွေဟာ သူတို့ရဲ့ မိခင်နိုင်ငံမှာ အရည်အချင်းပြည့်မီတဲ့ လက်မှတ်ရရှိထားကြလား။
(ခ) ကျောင်းက ဆရာဆရာမတွေအတွက် အဆက်မပြတ် လေ့ကျင့်သင်ကြားပေးမှုတွေ ပေးသလား။
(ဂ) ထိုင်းဆရာဆရာမတွေက အဓိကဘာသာရပ်တွေကို အင်္ဂလိပ်လိုသင်ပေးနိုင်လား။
အထက်တန်းကျောင်းသားတွေအတွက်ဆိုရင် ဆရာဆရာမတစ်ယောက်ရဲ့ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် သင်ကြားရေးအတွေ့အကြုံတွေဟာ သူတို့စာမေးပွဲအောင်မြင်မှုနှင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုအပေါ် သိသိသာသာ သက်ရောက်မှုရှိပါတယ်။
၄။ ကျောင်းက ဘာသာစကားသင်ယူမှုနဲ့ ဘာသာစကားမျိုးစုံ တိုးတက်ဖို့ကို ဘယ်လို ကူညီပေးသလဲ။
ဘာသာစကားဟာ ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ ယုံကြည်မှုအတွက် အရမ်းအရေးကြီးပါတယ်။
(က) အင်္ဂလိပ်စကား မိခင်ဘာသာစကားမဟုတ်တဲ့ ကလေးတွေအတွက် ဘယ်လို အထောက်အပံ့တွေ ရနိုင်လဲ။
(ခ) ထိုင်းဘာသာစကား သင်တာကို မဖြစ်မနေ တက်ရမှာလား။
(ဂ)တရုတ် (မန်ဒရင်း) သို့မဟုတ် ပြင်သစ်စတဲ့ အခြားဘာသာစကားတွေ သင်ပေးပါသလား။
အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးတွေအတွက်ဆို ESL (English as Second Language) သို့မဟုတ် EAL (English as Additional Language) ပရိုဂရမ်ကောင်းတွေရှိရင် ကျောင်းစနေရတာ ပိုကောင်းစေပါတယ်။
၅။ ကျောင်းတစ်နေ့တာက ဘယ်လိုမျိုးလဲ။
ဒီအကြောင်းနဲ့ ပတ်သက်လို့ မေးရမယ့် မေးခွန်းတွေကတော့ –
ကျောင်းစချိန်၊ ကျောင်းပြီးချိန်တွေ၊ နေ့လယ်စာနဲ့ သရေစာ စားချိန်တွေ။
တစ်ရက်ကို ဘယ်နှစ်ချိန်သင်ရလဲ။
အိမ်စာကို ဘယ်လောက်များများပေးသလဲ။
အထူးသဖြင့် မူလတန်းအရွယ် ကလေးတွေအတွက်ဆိုရင် သင်ယူမှု၊ ကစားချိန်၊ အနားယူချိန်တွေ မျှတဖို့ အရေးကြီးပါတယ်။ အကြီးတန်းကျောင်းသားတွေအတွက်လည်း စာသင်ချိန်၊ creative လုပ်ငန်းတွေနဲ့ အနားယူချိန်တွေ သင့်တင့်မျှတစွာ ရှိဖို့ လိုပါတယ်။
၆။ ကလေးတွေရဲ့ စိတ်ခံစားမှုပိုင်းကို ကျောင်းက ဘယ်လိုကူညီပံ့ပိုးပေးလဲ။
နိုင်ငံသစ်မှာ စတင်နေထိုင်ရတာဟာ စိတ်လှုပ်ရှားစရာကောင်းသလို၊ စိုးရိမ်စရာတွေလည်း ရှိတတ်ပါတယ်။ ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ဦးစားပေးတဲ့ ကျောင်းတစ်ကျောင်းဟာ တခြားကျောင်းတွေထက် သိသိသာသာ ကွာခြားမှုရှိစေပါတယ်။
ဒါတွေ မေးကြည့်ပါ –
ကျောင်းမှာ ဘာသာရေးဆိုင်ရာကဏ္ဍတွေ (Pastoral care) ဒါမှမဟုတ် ဆွေးနွေးပညာပေးခြင်း ရှိလား။
အနိုင်ကျင့်ခံရခြင်းကို ကာကွယ်ပေးတဲ့ မူဝါဒတွေ ရှိလား။
စိတ်ကျန်းမာရေးနဲ့ လူတိုင်းပါဝင်နိုင်ရေး ဆိုင်ရာ အစီအစဉ်တွေ ရှိလား။
ကျောင်းကောင်းတစ်ကျောင်းဟာ ကလေးတွေကို စာတတ်မြောက်ရုံသက်သက်ထက် ပိုပြီး ပျိုးထောင်ပေးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ အခြားသူတွေကို နားလည်စာနာမှုနဲ့ ဘယ်လိုအခက်အခဲကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ စိတ်ဓာတ်ကို တည်ဆောက်ပေးပါတယ်။
၇။ သင်ယူမှုကွာခြားတဲ့ ကလေးတွေ (သို့) အထူးလိုအပ်ချက်ရှိသည့် ကျောင်းသားကျောင်းသူတွေကို ဘယ်လိုပံ့ပိုးပေးလဲ။
သင့်ကလေးမှာ အထူးအကူအညီတွေ လိုအပ်တယ်ဆိုရင် စောစောကတည်းက ဆွေးနွေးတာက အကောင်းဆုံးပါပဲ။
မေးရမယ့် မေးခွန်းတွေက –
ကျောင်းမှာ ကူညီပေးမယ့်အဖွဲ့ ရှိလား။
တစ်ဦးချင်းစီအတွက် စိတ်ကြိုက်ပညာရေးအစီအစဉ် (IEP) တွေ ရရှိနိုင်လား။
အထူးလိုအပ်ချက်ရှိတဲ့ ကျောင်းသားတွေအတွက် အပိုကုန်ကျစရိတ်ရှိလား။
ကျောင်းသေးသေးလေးတွေ (သို့) အစိုးရကျောင်းတွေမှာ ပံ့ပိုးမှုအရင်းအမြစ်တွေ ကန့်သတ်ချက်ရှိတတ်တာမို့ ရနိုင်တဲ့ ပံ့ပိုးမှုတွေကို ကြိုသိထားတာက သင့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုလုပ်နိုင်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။
၈။ ကျောင်းမှာ သင်ရိုးပြင်ပ လှုပ်ရှားမှုတွေ နဲ့ စွမ်းရည်စုံဖွံ့ဖြိုးဖို့ အတွက် အခွင့်အလမ်းတွေ ရှိလား။
ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်တယ်ဆိုတာ စာသင်တာတစ်ခုတည်းနဲ့ မပြည့်စုံပါဘူး။
ဒါတွေ မေးကြည့်ပါ –
ကျောင်းပြီးအချိန် ကလပ်တွေ၊ လှုပ်ရှားမှုတွေ ရှိလား။
ဂီတ၊ အနုပညာ၊ အားကစား အစီအစဉ်တွေ ရှိလား။
ခေါင်းဆောင်မှု သို့မဟုတ် လူမှုပတ်ဝန်းကျင်ကို ကူညီနိုင်မယ့် အခွင့်အလမ်းတွေ ရှိလား။
ဒီလိုအတွေ့အကြုံမျိုးတွေဟာ ကလေးတွေမှာ တီထွင်ဖန်တီးဖန်တီးမှု၊ အသင်းအဖွဲ့နဲ့လုပ်ဆောင်မှု စွမ်းရည်တွေကို အားပေးပြီး ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးလာစေပါတယ်။ ဒီအရည်အချင်းတွေဟာ စာသင်ယူမှုနဲ့လည်း ဒွန်တွဲနေတာပါပဲ။
၉။ တက္ကသိုလ်တက်ရောက်နိုင်မှု (သို့) နောက်ထပ်အဆင့်တွေအတွက် ကျောင်းအခြေအနေက ဘယ်လိုရှိလဲ?
ဒီအချက်က အရေးကြီးပါတယ်။ အထူးသဖြင့် ကျောင်းက IB, A-Levels (သို့) အလားတူ ဒီပလိုမာတွေ ပေးနိုင်ရင်ပေါ့။
ဒီမေးခွန်းမျိုးတွေ မေးကြည့်ရမှာပါ –
(က) အရင်ကျောင်းပြီးသွားတဲ့သူတွေ ဘယ်တက္ကသိုလ်တွေ တက်နိုင်ခဲ့လဲ။
(ခ) တက္ကသိုလ်လျှောက်တဲ့ကိစ္စ မှာ ကျောင်းက ကူညီပေးသလား။
(ဂ) ဒီမှာဆက်နေချင်တဲ့ ကျောင်းဆင်းတွေအတွက် ထိုင်းတက္ကသိုလ်တွေက ရွေးချယ်စရာတစ်ခုဖြစ်နိုင်လား။
သင့်ကလေးက အရွယ်ငယ်နေသေးရင်တောင်၊ ကျောင်းရဲ့ ရေရှည်ကို ကြိုသိထားတာက အချိန်မီစီစဉ်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။
၁၀။ မိဘတွေအနေနဲ့ ကျောင်းရဲ့အသိုက်အဝန်းမှာ ဘယ်လောက်ပါဝင်နိုင်လဲ။
မိဘရဲ့ ပါဝင်မှုက ကြီးမားတဲ့ ကွာခြားမှုကို ဖန်တီးနိုင်ပါတယ်။
(က) ကျောင်းက မိဘတွေနဲ့ ဘယ်လိုဆက်သွယ်ပြောဆိုလဲ။
(ခ) PTA (မိဘ-ဆရာအသင်း) တွေ ရှိလား။
(ဂ) မိသားစုပွဲတွေနဲ့ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ ရှိလား။
ပါဝင်နေတဲ့ မိဘအသိုင်းအဝိုင်းဟာ မိတ်ဆွေဖွဲ့ဖို့၊ အကြံဉာဏ်တောင်းဖို့နဲ့ အထောက်အပံ့ရဖို့ အရမ်းကောင်းတဲ့ နေရာတစ်ခုပါ။ အထူးသဖြင့် ထိုင်းကိုရောက်စဖြစ်နေတဲ့ မိဘတွေအတွက်ဖြစ်ပါတယ်။
ထိုင်းအစိုးရကျောင်းများအကြောင်း သိထားသင့်သည်များ
နိုင်ငံခြားသားမိသားစုအများစုက နိုင်ငံတကာကျောင်း သို့မဟုတ် ဘာသာစကားနှစ်မျိုးသင်ကျောင်းတွေကို ဦးစားပေးကြသော်လည်း တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ စံနမူနာပြကျောင်းတွေ (demonstration or satit schools) အပါအဝင် ထိုင်းအစိုးရကျောင်းတွေဟာလည်း ဘာသာစကားနှစ်မျိုးပြောတဲ့ ကလေးတွေ သို့မဟုတ် အရွယ်ငယ်သေးတဲ့ကလေးတွေအတွက် ကုန်ကျစရိတ်သက်သာပြီး ဂုဏ်သတင်းကောင်းတဲ့ ရွေးချယ်မှုတွေ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အင်္ဂလိပ်ဘာသာနဲ့ သင်ကြားမှုက ကန့်သတ်ချက်ရှိပြီး ယဉ်ကျေးမှုကိုလိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့က အရေးကြီးပါတယ်။ မိဘများအနေနဲ့ ကျောင်းစမလျှောက်ခင် မိမိကလေးရဲ့ ဘာသာစကားအဆင့်နဲ့ ကိုယ်ရည်ကိုယ်သွေးကို မဖြစ်မနေထည့်သွင်းစဉ်းစားသင့်ပါတယ်။
ထိုင်းနိုင်ငံမှာ ကျောင်းရွေးတယ်ဆိုတာ သင်ရိုးညွှန်းတမ်း (သို့) ကျောင်းပုံစံတွေကို ရွေးတာထက် ပိုပါတယ်။ ဒါဟာ သင့်ကလေး လုံခြုံပြီး ဂရုစိုက်မှုခံရကာ စိတ်အားထက်သန်စွာနဲ့ သင်ယူနိုင်မယ့်နေရာ တစ်ခုကို ရှာဖွေတာပါ။
ကျောင်းမှာ လှည့်လည်ကြည့်ရှုနေချိန်မှာ အချိန်ယူပါ။ ကျောင်းရဲ့ ပတ်ဝန်းကျင်ကို သေချာလေ့လာပါ။ ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ စကားပြောကြည့်ပါ၊ ပြီးတော့ သင့်ကလေးကို အဲဒီပတ်ဝန်းကျင်ထဲမှာ စိတ်ကူးကြည့်ပါ။
စိတ်ထဲပေါ်လာတဲ့ မေးခွန်းတိုင်းကို မေးပါ။ မေးရခက်တဲ့ မေးခွန်းတွေကိုလည်း မေးပါ။ ဘာကြောင့်လဲဆိုတော့ သင့်ကလေးရဲ့ အနာဂတ်ကိစ္စမှာ မေးခွန်းတိုင်းဟာ တကယ်ကိုအရေးကြီးပါတယ်။





