,

အမေရိကန်ကို လက်ပြနှုတ်ဆက်ပြီး တရုတ် Tsinghua သို့ ခြေစုံပစ်ဝင်လိုက်တဲ့ နိုဘယ်လ်ဆုရှင် ဓာတုဗေဒပညာရှင် အိုမာယာဂီ

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ဓာတုဗေဒ နိုဘယ်လ်ဆုကို ဆွတ်ခူးထားတဲ့ ပညာရှင် material scientist တစ်ဦးဖြစ်တဲ့ ဒေါက်တာ အိုမာ ယာဂီ (Omar Yaghi) ဟာ အမေရိကန်ရဲ့ ထိပ်တန်း UC Berkeley တက္ကသိုလ်ကနေ နှုတ်ထွက်ပြီး တရုတ်နိုင်ငံရဲ့ နံပါတ်တစ် Tsinghua တက္ကသိုလ်ကို အချိန်ပြည့် ပါမောက္ခအဖြစ် ပြောင်းရွှေ့သွားပါပြီ။
သူဟာ Tsinghua တက္ကသိုလ်မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ AI အခြေပြု ဒြပ်ပစ္စည်းနဲ့ ဓာတုဗေဒသုတေသနစင်တာ AI Chemistry and Materials Research Institute (AIMATRY) ကို ဦးဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာ အိုမာ ယာဂီ ဆိုတာ ဘယ်သူလဲ၊
သူ့အကြောင်း ပြန်ကြည့်ရင် ဂျော်ဒန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ပါလက်စတိုင်းဒုက္ခသည် မိသားစုက ဆင်းသက်လာပြီး၊ သူငယ်စဉ်က သူတို့အိမ်မှာ လျှပ်စစ်မီးနဲ့ ရေပိုက်လိုင်းတောင် မရှိခဲ့ပါဘူး။ မိသားစုအတွက် ရေရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ အခြေအနေကနေ၊ အသက် ၁၅ နှစ်မှာ အမေရိကန်ကို တစ်ယောက်တည်း ရောက်လာပြီး သိပ္ပံပညာကို ဇောက်ချလုပ်ခဲ့တာပါ။ သူဟာ လေထုထဲကနေ ရေငွေ့ကို စုပ်ယူနိုင်တဲ့အပြင်၊ ကာဗွန်တွေကို ဖမ်းယူပေးနိုင်တဲ့ “ သတ္တု-အော်ဂဲနစ် မော်လီကျူးကွန်ရက်” (MOFs) နည်းပညာကို တီထွင်ခဲ့လို့ ကမ္ဘာ့အဆင့် ဂုဏ်ပြုခံရပြီး နိုဘယ်လ်ဆု ရခဲ့တာ ဖြစ်ပါတယ်။

သူ့လို ကမ္ဘာ့ထိပ်သီး ဦးနှောက်တစ်ခုက ဘာလို့ အမေရိကန်ကို ပစ်ပြီး တရုတ်ကို သွားတာလဲဆိုတာ တွေးစရာတွေ အများကြီး ရှိလာပါတယ်။ ဒေါက်တာ ယာဂီကိုယ်တိုင် Nature မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့တာက လက်ရှိ အမေရိကန်ရဲ့ သိပ္ပံလောက အခြေအနေဟာ “ အားပေးစရာ မကောင်းဘူး” တဲ့။ အစိုးရက သုတေသန ရန်ပုံငွေတွေကို တအားဖြတ်တောက်နေတာရယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ AI တော်လှန်ရေးကို အမေရိကန် သိပ္ပံလောကက မြန်မြန်ဆန်ဆန် လက်မခံနိုင်တာရယ်ကြောင့် စိတ်ပျက်မိတယ်လို့ သူက ဆိုပါတယ်။ တရုတ်ကတော့ သူ့ကို ငွေကြေးတင်မကဘဲ စူပါကွန်ပျူတာတွေနဲ့ AI နည်းပညာပံ့ပိုးမှုတွေကို အကန့်အသတ်မရှိ ပေးထားတာကြောင့် သူဖြစ်ချင်တဲ့ သိပ္ပံအိမ်မက်တွေကို အရှိန်အဟုန်နဲ့ လုပ်ဖို့ တရုတ်ကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးထက် “ သိပ္ပံပညာ” ကိုပဲ ကြည့်တာအမေရိကန်ရဲ့ တင်းကျပ်လာတဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေ၊ အမျိုးသားရေးဝါဒတွေအပေါ် ဒေါက်တာ ယာဂီက သဘောမကျပါဘူး။ သူကတော့ “ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ရေရှားပါးမှုပြဿနာကို ဖြေရှင်းဖို့က နိုင်ငံရေးထက် အရေးကြီးတယ်၊ ဒါကြောင့် ဘယ်နိုင်ငံပဲဖြစ်ဖြစ် ပံ့ပိုးမှုအပြည့်ပေးနိုင်တဲ့နေရာမှာ ဆက်လုပ်မယ်” ဆိုတဲ့ သဘောမျိုး ပြတ်ပြတ်သားသား ပြသလိုက်တာ ဖြစ်ပါတယ်။
ဒါက ရိုးရိုးသာမန်ပါမောက္ခ တစ်ဦးတစ်ယောက်ကပဲ ပြောင်းလဲသွားတာမျိုး မဟုတ်ပါဘူး။ ၂၀၂၆ ခုနှစ်အတွင်းမှာတင် အမေရိကန်နဲ့ ဗြိတိန်က ထိပ်တန်းသိပ္ပံပညာရှင် ၁၀ ယောက်ထက်မနည်း တရုတ်နိုင်ငံကို ပြောင်းရွှေ့သွားပြီးပြီလို့ စာရင်းတွေအရ သိရပါတယ်။ ဒေါက်တာ ယာဂီဟာ UC Berkeley မှာ ရှိစဉ်က သူ့ရဲ့ သုတေသနအဖွဲ့ဝင် တစ်ဝက်ကျော်ဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး သူ့အဖွဲ့ဟောင်းတွေနဲ့ပါ လက်တွဲလိုက်သလို ဖြစ်သွားတာမို့ တရုတ်အတွက်တော့ တကယ့်ကို ထူးချွန်တဲ့ ပညာရှင်တွေကို အားမစိုက်ပဲ ရရှိသွားတာဖြစ်ပါတယ်။

အချုပ်ပြောရရင်တော့ ကမ္ဘာ့အာဏာချိန်ခွင်လျှာ ညှိတဲ့နေရာမှာ စစ်အင်အားတင်မကဘဲ သိပ္ပံနဲ့ နည်းပညာ ကလည်း အဓိကကျပါတယ်။ အမေရိကန်က ပညာရှင်တွေကို ထိန်းမထားနိုင်ဘဲ ရန်ပုံငွေတွေ လျှော့ချနေမယ်၊ ပေါ်လစီတွေ ကျပ်တည်းလာနေမယ် ဆိုရင်တော့ နောင်တစ်ချိန်မှာ ကမ္ဘာ့အဆင့်မြင့်ဆုံး နည်းပညာတွေ အားလုံးက ပေကျင်းကနေပဲ ထွက်ပေါ်လာတော့မယ့် အခြေအနေ ဖြစ်မလားကို တကမ္ဘာလုံးကလည်း စောင့်ကြည့်နေကြပါတယ်။

Related Posts