သိထားသင့်တဲ့ တကျော့ပြန် Ebola

WHO (World Health Organization) က အာဖရိကတိုက်ရဲ့ Congo နိုင်ငံမှာ ဖြစ်ပွားနေတဲ့ Ebola ရောဂါကို အရေးပေါ်အခြေအနေ အဖြစ် မေလ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။။ လက်ရှိ တရားဝင် ထုတ်ပြန်ချက်တွေအရ Congo နိုင်ငံ အတွင်းမှာတင် ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၅၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပြီး သေဆုံးသူဦးရေဟာလည်း လက်ရှိမှာ လူဦးရေ တစ်ရာကျော်သွားခဲ့ပြီဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ကူးစက်ခံရပြီးသေဆုံးသူဦးရေဟာ အလျင်အမြန် တိုးပွားလာနေတာကြောင့် အာဖရိကမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကမ္ဘာ့ကျန်းမာရေးဝန်ကြီးဌာနတို့က ရောဂါပိုးထပ်ပြီးမပျံ့နှံ့အောင် အပြင်းအထန် ထိန်းချုပ်နေရပါတယ်။

Ebola ရောဂါဆိုတာ ဘာလဲ။

Ebola ဟာ Filoviridae မိသားစုဝင် Virus ကြောင့် ဖြစ်ပွားတဲ့ သွေးလွန်အဖျားရောဂါတစ်မျိုးပါ။ များသောအားဖြင့်တော့ ရောဂါပိုးရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သွေး၊ဆီး လိုမျိုး ခန္ဓာကိုယ်ကထွက်ရှိတဲ့ အရည်တွေကို ထိတွေ့တာကနေ လူဆီကို စတင်ကူးစက်တာဖြစ်ပါတယ်။ အဲဒီကမှတစ်ဆင့် ကူးစက်ခံထားရသူရဲ့ ကိုယ်ခန္ဓာအရည်တွေနဲ့ တိုက်ရိုက်ထိတွေ့မိရတာကနေ လူအချင်းချင်း ဆက်လက် ပျံ့နှံ့သွားတာပါ။ ဒီ Virus က လူ့ခန္ဓာကိုယ်ထဲ ရောက်သွားရင် ခုခံအားစနစ်ကို ဖျက်ဆီးပြီး သွေးကြောတွေကို ပျက်စီးစေတာကြောင့် ကိုယ်တွင်းကိုယ်ပ နေရာအနှံ့မှာ သွေးယိုစိမ့်မှုတွေ ဖြစ်ပေါ်စေပါတယ်။ Mortality rate ကလည်း အမျိုးအစားအပေါ် မူတည်ပြီး (၂၅) ရာခိုင်နှုန်းကနေ (၉၀) ရာခိုင်နှုန်းအထိ အလွန်မြင့်မားတတ်ပါတယ်။ လက်ရှိအချိန်မှာတော့ သာမန်မြင်တွေ့နေရဖြစ်တဲ့ Zaire လို့ခေါ်တဲ့ Ebola Virus အတွက် ကုသနိုင်တဲ့ဆေးတွေနဲ့ ကာကွယ်ဆေးတွေရှိထားပါပြီ။

ဒါပေမဲ့ အခုတစ်ခေါက် Congo နိုင်ငံမှာ ဖြစ်ပွားနေတဲ့ Virus ကတော့ ပုံမှန်တွေ့နေကျ Zaire virus မဟုတ်ဘဲ Bundibugyo virus လို့ခေါ်တဲ့ မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ ဒီ Bundibugyo Virus ကို လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်းကမှ Uganda နိုင်ငံ၊ Bundibugyo (ဘွန်ဒီဘူဂျို) ဒေသမှာ ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ဖူးပြီး အရင်တုန်းက ဒီလို အစုလိုက်အပြုံလိုက် ကူးစက်မှု ဖြစ်ပွားတာ (၂) ခါပဲကြုံခဲ့ဖူးပါတယ်။ ယခုလက်ရှိမှာ စိုးရိမ်ရတာက ဒီ Bundibugyo virus မျိုးစိတ်အတွက် FDA က အသိအမှတ်ပြုထားတဲ့ သီးသန့်ကာကွယ်ဆေး မရှိသေးသလို ထိရောက်တဲ့ ကုသမှုတွေလဲမရှိသေးတာ‌ကြောင့် Outbreak ဖြစ်ပွားနေတဲ့ ဒေသတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေက ကွာရန်တိုင်း လုပ်ခိုင်းတာကလွဲရင် တခြားဘာမှ မတတ်နိုင်ပါဘူး။

WHO က လက်ရှိအခြေအနေကို A Public Health Emergency of International Concern (PHEIC) အဖြစ်သတ်မှတ်ထားပါတယ်။ PHEIC ဆိုတာ WHO ကသတ်မှတ်နိုင်တဲ့ အမြင့်ဆုံး/အန္တရာယ် အရှိဆုံး အရေးပေါ်အခြေအနေတစ်ခုပါ။ ဒီ Bundibugyo Virus က သာမန် Ebola ရောဂါထက် ပိုမြန်မြန်ဆန်ဆန် ကူးစက်တတ်ပြီး ကုသဆေးလည်းမရှိသေးတာကြောင့် Congo အပြင် တခြားနိုင်ငံတွေဆီကိုလဲ ကူးစက်နိုင်တဲ့ အခြေအနေရှိတယ်လို့ ဆိုကြောင့် မြန်မာပြည်ထဲမှာ လဲ​ သတိထားနိုင်ရင် ကောင်းပါတယ်။ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကျောင်းသူ ကျောင်းသားတွေ ဘေးကင်းစေဖို့ Bluebonnet Social Impact က ဆုတောင်းပေးပါတယ်။

Related Posts