မကြာခဏ မုန်တိုင်းဒဏ် ခံရလေ့ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းကြောင့် ကျောင်းပိတ်ရတာတွေ ခဏခဏဖြစ်ပြီး စာသင်ချိန်တွေ အများကြီး ဆုံးရှုံးရပါတယ်။ ဒါ့အပြင် တစ်နှစ်ကို ၄ ကြိမ် စာမေးပွဲစစ်၊ အမှတ်စာရင်းလုပ်ရတဲ့ စနစ်ဟောင်းကလည်း ဆရာ/ဆရာမတွေကို တော်တော်လေး လူပန်း စိတ်ပန်း ဖြစ်စေပါတယ်။
ဖိလစ်ပိုင်ပညာရေးဌာန (DepEd) ကနေ စာသင်နှစ်ကို ၄ ပိုင်း (Four-Quarter) စနစ် ကနေ ဖျက်သိမ်းပြီး “ ၃ ပိုင်း (Three-Term) စနစ်သစ်” ကို တရားဝင် ပြောင်းလဲလိုက်ပါတယ်။
စနစ်အသစ်အရ တစ်နှစ်တာ ကျောင်းသင်ခန်းစာကို Term ၃ ခု ခွဲလိုက်ပြီး Term တစ်ခုချင်းစီမှာ အဓိက အပိုင်း ၃ ပိုင်းပါဝင်မှာ ဖြစ်ပါတယ် —
၁။ Opening Block (ကျောင်းဖွင့်စကာလ) – ကျောင်းသားတွေရဲ့ အဆင်သင့်ဖြစ်မှုကို ဆန်းစစ်တာနဲ့ ကျောင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်မယ့်အပိုင်း။
၂။Instructional Block (အဓိက စာသင်ကြားရေးကာလ) – မုန်တိုင်းကြောင့်ဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ဖြစ်ဖြစ် စာသင်ချိန် မပြတ်တောက်စေဘဲ အစီအစဉ်တကျ ဆက်တိုက် သင်ကြားမယ့် အပိုင်း။
၃။ End-of-Term Block (Term ပြီးဆုံးချိန်ကာလ) – စာမလိုက်နိုင်တဲ့ ကျောင်းသားတွေကို အနီးကပ် ပြန်လည်သင်ကြားပေးတာ (Remediation) နဲ့ ဆရာ/ဆရာမတွေရဲ့ အရည်အသွေးမြှင့် သင်တန်းတွေ လုပ်မယ့်အပိုင်း။
စနစ်ဟောင်းတုန်းက တစ်နှစ်ကို ၄ ကြိမ် အမှတ်စာရင်းတွေ၊ အစီရင်ခံစာတွေ လုပ်ခဲ့ရတာကြောင့် ဆရာ/ဆရာမတွေ ပင်ပန်းခဲ့ကြပါတယ်။ အခု ၃ ကြိမ်ပဲ လုပ်ရတော့မှာဆိုတော့ ဆရာတွေလည်း စာရွက်စာတမ်းလုပ်ရတဲ့ အလုပ်တွေ သက်သာသွားပြီး စာသင်ကြားရေးမှာ ပိုအာရုံစိုက်နိုင်တော့မှာဖြစ်ပါတယ်။ စာသင်ကာလ အပိုင်းအခြားတစ်ခုစီကို သေချာစနစ်တကျ အချိန်ခွဲဝေထားတဲ့အတွက် ရာသီဥတုဆိုးရွားလို့ ကျောင်းတွေ ခဏခဏ ပိတ်ရရင်တောင်မှ သင်ရိုးညွှန်းတမ်း မပြတ်တောက်ဘဲ ကျောင်းသားတွေ စာအုပ်ကြီးအတိုင်း အမှီလိုက်နိုင်အောင် ပိုပြီး ပြောင်းသာလဲသာရှိတဲ့ အချိန်ဇယားကို ဖန်တီးပေးထားပါတယ်။
ဒီစနစ်သစ်ရဲ့ အကောင်းဆုံးအချက်ကတော့ term တစ်ခုချင်းစီရဲ့ အဆုံးမှာ အားလပ်ရက်အပြင်၊ စာမလိုက်နိုင်တဲ့ ကလေးတွေကို အနီးကပ် ပြန်သင်ပေးမယ့် အချိန် (Project ARAL Academic Recovery and Accessible Learning ကဲ့သို့ Tutoring ပရိုဂရမ်များ) သီးသန့် ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။
ချုံ့ပြီးပြောရရင်တော့ ဘာသာရပ်တွေ၊ သင်ရိုးညွှန်းတမ်းတွေနဲ့ စာသင်ရမယ့် ရက်ပေါင်း (၂၀၀ ကျော်) ကတော့ အတူတူဖြစ်ပါတယ်။ ဒါပေမဲ့ ပညာရေးကို ပိုပြီး စနစ်ကျအောင်၊ ထိရောက်အောင်နဲ့ အားလုံးအတွက် ဖိစီးမှုနည်းအောင် ပုံစံပြောင်းလိုက်ထားပါတယ်။ ဒီစနစ်သစ်ကြောင့် ဖိလစ်ပိုင်ရဲ့ ပညာရေးအဆင့်အတန်းနဲ့ ကလေးတွေရဲ့ စာဖတ်စွမ်းရည် (Reading Comprehension) တွေ ပိုမိုတိုးတက်လာမလားဆိုတာကတော့ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။




