နည်းပညာတွေ တိုးတက်လာတဲ့ ဘဝမှာ တိုးတက်ချင်တယ်ဆိုရင် “ ကြိုးစားမယ်” ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
စနစ်တကျ အလုပ်လုပ်တတ်ဖို့ Tool တွေ၊ နည်းလမ်းတွေ လိုအပ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက အောင်မြင်သူတွေ အသုံးများတဲ့ SMART, SARI နဲ့ STAR အကြောင်းကို အသေးစိတ် လေ့လာကြည့်ကြပါမယ်။
ဒီနေ့ ပထမပိုင်းမှာ SMART အကြောင်းကို လေ့လာကြပါမယ်နော်။
“ ဒီနှစ်ထဲမှာ တိုးတက်အောင် လုပ်မယ်” ဆိုတာမျိုးက ပန်းတိုင်မဟုတ်ဘဲ ဆန္ဒ တစ်ခု ဖြစ်ပါတယ်။ ဒါကို ပန်းတိုင်အစစ်ဖြစ်လာစေဖို့ SMART ဖြစ်ရပါမယ်။ SMART ဆိုတာ အများစု ထင်ထားသလို စိတ်ပညာရှင် ဒါမှမဟုတ် Motivational Speaker တစ်ယောက်က တီထွင်ခဲ့တာ မဟုတ်ပါဘူး။ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလထုတ် Management Review မဂ္ဂဇင်းမှာ စတင်ပါဝင်ခဲ့တာပါ။ Washington Water Power Company ရဲ့ စီမံကိန်းညွှန်ကြားရေးမှူးဟောင်း George T. Doran က စတင်ရေးသားခဲ့တာ ဖြစ်ပါတယ်။ “ There’s a S.M.A.R.T. way to write management’s goals and objectives” ဆိုတဲ့ စာတမ်းကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် SMART ကို Doran က စတင်ခဲ့တာ ဖြစ်ပေမယ့် အခြေခံ အယူအဆကတော့ ခေတ်သစ် စီမံခန့်ခွဲမှု ဖခင်ကြီး Peter Drucker ရဲ့ “ Management by Objectives” ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
သိထားစရာတစ်ခုက ၁၉၈၁ ခုနှစ်က ထွက်ပေါ်ခဲ့တဲ့ မူရင်း SMART မှာ အခုခေတ် သုံးနေတဲ့ အဓိပ္ပာယ်တွေနဲ့ နည်းနည်း ကွဲပြားပါတယ်။
A (Assignable) – အစတုန်းက “ အောင်မြင်နိုင်ရမယ်” လို့ မဆိုလိုဘဲ “ ဒီအလုပ်ကို ဘယ်သူ့ကို တာဝန်ပေးမှာလဲ” ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
R (Realistic): “ ဆီလျော်မှုရှိရမယ်” အစား “ လက်ရှိ အရင်းအမြစ်တွေနဲ့ တကယ် လုပ်နိုင်လား” ဆိုတဲ့ လက်တွေ့ကျမှုကို ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်း ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှု (Personal Development) နယ်ပယ်ထဲကို SMART အကြောင်း ရောက်လာတဲ့အခါမှသာ အခုလက်ရှိ သုံးနေကြတဲ့ Achievable နဲ့ Relevant ဆိုပြီး ပြောင်းလဲလာတာ ဖြစ်ပါတယ်။
SMART Goal (ပန်းတိုင်ကို အကောင်အထည်ဖော်ခြင်း)
Specific (တိကျမှု) – “ စာဖတ်မယ်” ဆိုတဲ့ နေရာမှာ “ Personal Development စာအုပ်တွေကို တစ်လ တစ်အုပ် ဖတ်မယ်” လို့ တိတိကျကျ သတ်မှတ်ထားသင့်ပါတယ်။ တိတိကျကျ သတ်မှတ်ထားရင် စိတ်ထဲမှာ ပိုရှင်းလင်းပြီး ရလဒ်ကောင်းတွေ ရလာနိုင်မှာ ဖြစ်ပါတယ်။
Measurable (တိုင်းတာနိုင်မှု) – ကိုယ်ဘယ်လောက် ခရီးရောက်နေပြီလဲ သိဖို့ လိုပါတယ်။ “ တစ်နေ့ကို စာမျက်နှာ ၂၀ ဖတ်မယ်” ဆိုရင် တိုင်းတာလို့ ရသွားပါပြီ။
Achievable (ဖြစ်နိုင်ခြေရှိမှု) – တစ်နေ့ကို စာအုပ်တစ်အုပ် ဖတ်မယ်ဆိုတာမျိုးက လက်တွေ့ကျကျ ပြောရရင် သိပ်မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် တွေးစရာ၊ ကိုယ့်ရဲ့ အချိန်နဲ့ အင်အားနဲ့ ကိုက်ညီတဲ့ ပမာဏ ဖြစ်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မကျစေမယ့် ပန်းတိုင်မျိုး ဖြစ်ရပါမယ်။
Relevant (ဆီလျော်မှု) – ဒီပန်းတိုင်က ကိုယ့်ဘဝရည်မှန်းချက်နဲ့ ကိုက်ညီရဲ့လား၊ ကိုယ့်အလုပ် ဒါမှမဟုတ် ကိုယ့်စိတ်နဲ့ ခန္ဓာအတွက် တကယ် အထောက်အကူပြုရဲ့လားဆိုတာ စဉ်းစားသင့်ပါတယ်။
ဥပမာ – သင်က Programmer တစ်ယောက် ဖြစ်ချင်တာဆိုရင် “ ချက်ပြုတ်နည်း ဆရာကျအောင် သင်တန်းတက်မယ်” ဆိုတဲ့ ပန်းတိုင်က Survival အတွက် ဖြစ်နိုင်ပေမယ့် Relevant မဖြစ်ပါဘူး။
ဒါ့အပြင် အခုအချိန်ဟာ ဒီပန်းတိုင်ကို အကောင်အထည်ဖော်ဖို့ သင့်တော်တဲ့ အချိန် ဟုတ်၊ မဟုတ်ကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။
Time-bound (အချိန်ကန့်သတ်ချက်) – “ ဘယ်တော့ အပြီးလုပ်မှာလဲ” ဆိုတဲ့ Deadline မရှိရင် အလုပ်က မပြီးတော့ပါဘူး။ (ဥပမာ – ဒီဇင်ဘာလကုန်မှာ စာအုပ် ၁၂ အုပ် ပြီးရမယ်၊ ဒီအပတ်မှာ အွန်လိုင်းက သင်တန်းတစ်ခုတက်မယ်)




