,

ပုံစံခွက်ထဲကရုန်းထွက်ပြီး ကိုယ်ပိုင် Potential ကို ရှာဖွေခြင်း

ပုံစံခွက်ထဲကရုန်းထွက်ပြီး ကိုယ်ပိုင် Potential ကို ရှာဖွေခြင်း

“ Average” ဆိုတဲ့ စကားလုံးနောက်ကို လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ထားတာကို ရပ်တန့်သင့်ပါပြီ။ လူတွေဟာ စက်ရုံက ထွက်လာတဲ့ ပုံစံတူ ပစ္စည်းတွေ မဟုတ်သလို၊ စာမေးပွဲ ရမှတ်တစ်ခုတည်းနဲ့ တန်ဖိုးဖြတ်လို့ရတဲ့ သာမန်လူသားတွေလည်း မဟုတ်ပါဘူး။ တကယ်တော့ ၂၁ ရာစုရဲ့ ကမ္ဘာကြီးက တောင်းဆိုနေတာဟာ လူတိုင်းနဲ့ တူနေတဲ့ “ ပျမ်းမျှအရည်အချင်း” ကို မဟုတ်ဘဲ မိမိပိုင်ဆိုင်ထားတဲ့ ထူးခြားတဲ့ Individual Potential ပေါက်ပေါက်မြောက်မြောက် ဖြစ်နိုင်စွမ်း နဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကိုပါ။ စာမေးပွဲက အဆင့်သတ်မှတ်နိုင်ပေမဲ့ အနာဂတ်နဲ့ စွမ်းဆောင်ရည်ကိုတော့ ကန့်သတ်ထားလို့ မရပါဘူး။ အခုကစပြီး သူများခင်းပေးထားတဲ့ “ ပျမ်းမျှ” လမ်းကြောင်းပေါ်မှာ လျှောက်မယ့်အစား ကိုယ်ပိုင်ထူးခြားချက်တွေကို ရှာဖွေပြီး အကောင်းဆုံး ပုံဖော်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။

ကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်းကို တိုင်းတာတဲ့နေရာမှာတော့ ဒီ Average ပျမ်းမျှ ဆိုတဲ့ စကားလုံးဟာ အန္တရာယ်ရှိတဲ့ ထောင်ချောက်တစ်ခု ဖြစ်သွားတတ်ပါတယ်။ စံသတ်မှတ်ချက်တစ်ခုကို အလယ်မှာထားပြီး လူတိုင်းကို အဲဒီအတိုင်း ဖြစ်ရမယ်လို့ သတ်မှတ်လိုက်တာဟာ တစ်ဦးချင်းစီမှာရှိတဲ့ ထူးခြားတဲ့ အားသာချက် (Talent) တွေကို မျက်ကွယ်ပြုလိုက်တာပါပဲ။ တကယ်တော့ လောကမှာ အရာရာတိုင်းမှာ ပျမ်းမျှဖြစ်နေတဲ့ “ Average Person” ဆိုတာ တကယ်မရှိပါဘူး။ လူတစ်ယောက်ကို “ ပျမ်းမျှ” ဆိုတဲ့ ဘောင်ထဲ ထည့်သွင်းစဉ်းစားလိုက်တာဟာ သူ့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ မတူညီတဲ့ အလားအလာတွေကို ပိတ်ပင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

Personal Development (တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှု) ရှုထောင့်ကနေကြည့်ရင် “ Average” ဆိုတာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကျဉ်းထောင်တစ်ခုပါပဲ။ လူအများစုဟာ “ လူတန်းစေ့ရုံ” ဒါမှမဟုတ် “ သူများတွေလုပ်သလို” ဆိုတဲ့ ပျမ်းမျှသတ်မှတ်ချက်နောက်လိုက်ရင်းနဲ့ မိမိရဲ့ စစ်မှန်တဲ့ Potential ကို မြှုပ်နှံထားတတ်ကြပါတယ်။

အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့ နှိုင်းယှဉ်ခြင်းတာကို ရပ်တန့်ဖိုဖြစ်ပါတယ်။ Standardized စနစ်တွေက ကျွန်တော်တို့ကို တခြားသူတွေနဲ့အပြိုင် “ ဘယ်အဆင့်မှာ ရှိနေသလဲ” ဆိုတာကိုပဲ အမြဲကြည့်ခိုင်းပါတယ်။ ဒါပေမဲ့ တကယ့်တိုးတက်မှုဆိုတာ မနေ့က ကိုယ့်ကိုယ်ကိုယ်နဲ့ ဒီနေ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ ပျမ်းမျှစံနှုန်းနောက်လိုက်နေသရွေ့ တခြားသူရဲ့ လောင်းရိပ်အောက်မှာပဲ နေရပါလိမ့်မယ်။

နောက်တစ်ချက်က အားနည်းချက်ကို ပြင်တာထက် အားသာချက်ကို ပိုပြီးကြိုးစားသင့်ပါတယ်။ မြန်မာနိုင်ငံ ပညာရေးစနစ်က အားနည်းတဲ့ ဘာသာရပ်ကို ကျူရှင်တက်ပြီး ပိုကောင်းတဲ့အဆင့်ရောက်အောင် အတင်းတွန်းတင်ခိုင်းလေ့ရှိပါတယ်။ ဒါက မှားမနေပေမယ့် မှန်တယ်လို့ လည်းမဆိုနိုင်ပါဘူး။ တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှု ရဲ့ လျှို့ဝှက်ချက်ကတော့ မိမိမှာရှိပြီးသား ထူးခြားတဲ့ အားသာချက် ကို ပါရမီရှင်အဆင့်ရောက်အောင် ပျိုးထောင်ဖို့ပဲ ဖြစ်ပါတယ်။ အရာရာမှာ ပျမ်းမျှဖြစ်နေတာထက် တစ်ခုတည်းမှာ ထိပ်တန်းရောက်နေတာက ပိုမိုတန်ဖိုးရှိစေပါတယ်။

အဓိကအချက်က လူတွေဟာဟာ လူအများနဲ့တူအောင် ဖန်တီးထားတဲ့ “ စံနမူနာပြ ပစ္စည်း” မဟုတ်ပါဘူး။ လူတိုင်းမှာ မတူညီတဲ့ အရည်အချင်းပါတယ်။ ပျမ်းမျှ ဖြစ်ဖို့ ကြိုးစားနေတာကို ရပ်လိုက်တာနဲ့ မိမိရဲ့ တကယ့်စွမ်းဆောင်ရည်တွေ စတင်ထွက်ပေါ်လာပါလိမ့်မယ်။

Related Posts