,

International Migrant Day

ဒီဇင်ဘာလ ၁၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ (International Migrants Day) ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ မိမိတို့ရဲ့ နေရပ်ရင်းကို စွန့်ခွာပြီး နယ်မြေဒေသသစ်မှာ ဘဝသစ်ထူထောင်နေကြတဲ့ ရွှေ့ပြောင်းသွားလာသူတွေရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို အသိအမှတ် ပြုဖို့ ကုလသမဂ္ဂက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းသွားလာမှုတွေ (Migration) ရှိကြ ပေမယ့် အကြောင်းရင်းကြီး ၄ ခု က အဓိကဖြစ်ပါတယ်။

စီးပွားရေး အခွင့်အလမ်း – ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်၊ လစာနဲ့ လူနေမှုဘဝကို ရရှိဖို့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုရွှေ့ပြောင်းကြတာ။

ပဋိပက္ခနှင့် စစ်ပွဲများ – မိမိတို့နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၊ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ဘေးကင်းရာကို ထွက်ပြေးကြရတာ။

ရာသီဥတု ဖောက်ပြန်မှု – သဘာဝဘေးအန္တရာယ်များခြင်း၊ ရေကြီးခြင်း၊ ခြောက်သွေ့ခြင်း စတဲ့ ရာသီဥတုဆိုးကျိုးတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးပြီး နေရပ်စွန့်ခွာကြရတာ။

ပညာရေးနဲ့ မိသားစုပြန်လည်ပေါင်းစည်းရေး – ကမ္ဘာ့အဆင့်မီပညာသင်ကြားဖို့နဲ့ တခြားနိုင်ငံ ရောက်နေတဲ့ မိသားစုဝင်တွေဆီ သွားရောက်ပူးပေါင်းဖို့အတွက်လည်း ရွှေ့ပြောင်းကြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေအရ ရွှေ့ပြောင်းနေထိုင်သူ (Migrants) အများဆုံး လက်ခံထားတဲ့ နိုင်ငံတွေကတော့-

(၁) အမေရိကန်ပြည်ထောင်စု – ကမ္ဘာပေါ်မှာ ရွှေ့ပြောင်းနေထိုင်သူ အများဆုံး။ ၅၀.၆ သန်းခန့် နဲ့ နိုင်ငံလူဦးရေ ရဲ့ ၁၅ ရာနှုန်းခန့်ရှိ၊
(၂) ဂျာမနီ – ဥရောပတိုက်မှာ အလုပ်အကိုင်နဲ့ ဒုက္ခသည်လက်ခံမှု အများဆုံး။ ၁၅.၈ သန်း ခန့် နဲ့ နိုင်ငံလူဦးရေ ရဲ့ ၁၉ ရာနှုန်းခန့်၊
(၃) ဆော်ဒီအာရေဗျ – အာရှနဲ့ အာဖရိကနိုင်ငံတွေက လုပ်သားအင်အား အများဆုံးသွားရောက်ရာနိုင်ငံ။ ၁၃.၅ သန်းခန့် နဲ့ နိုင်ငဲလူဦးရေရဲ့ ၃၅ ရာနှုန်းခန့်။
(၄) ရုရှား – အိမ်နီးချင်းနိုင်ငံတွေကနေ အလုပ်အကိုင်အတွက် လာရောက်သူ များပြားပါတယ်။ ၁၁.၆ သန်းခန့်၊
(၅) ယူအေအီး (UAE) – လူဦးရေရဲ့ အစိတ်အပိုင်းအတော်များများဟာ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။ ၉.၂ သန်း ခန့် နဲ့ နိုင်ငံ လူဦးရေ ရဲ့ ၈၈ ရာနှုန်းခန့်ဟာ ရွှေ့ ပြောင်း လုပ်သားတွေ ဖြစ်ပါတယ်။

နိုင်ငံဖြတ်ကျော် ရွှေ့ပြောင်းသွားလာခြင်း Migration တွေမှာ ကောင်းကျိုးရော စိန်ခေါ်မှုတွေပါ ရှိနေပါတယ်။ ရွှေ့ပြောင်းသွားလာသူတွေကို လက်ခံတဲ့နိုင်ငံအတွက် လုပ်သားအင်အား ရရှိစေသလို၊ စွန့်ခွာလာတဲ့ မိခင်နိုင်ငံအတွက်လည်း နိုင်ငံခြားငွေ (Remittance) ပြန်လည်စီးဝင်စေပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းသွားလာသူတွေဟာ လမ်းခရီးမှာ အသက်အန္တရာယ် ကြုံရတာ၊ ခွဲခြားဆက်ဆံခံရတာနဲ့ လူကုန်ကူးခံရတာ စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။

ရွှေ့ပြောင်းသွားလာသူတွေဟာ ကမ္ဘာ့စီးပွားရေးနဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အင်အားစုတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ လူ့အခွင့်အရေးကို လေးစားဖို့နဲ့ ဘေးကင်းလုံခြုံတဲ့ ရွှေ့ပြောင်းသွားလာမှု ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ဟာ နိုင်ငံတကာရဲ့ တာဝန်ဖြစ်တယ် လို့ ကမ္ဘာ့ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တစိုက်မတ်မတ် တောင်းဆိုကြပါတယ်။

ဒါပေနဲ့လဲ လက်ရှိကမ္ဘာ့အခြေအနေမှာ ရွှေ့ပြောင်းသွားလာသူ (Migrants) တွေအပေါ် ထားရှိတဲ့ အမြင်တွေဟာ အရင်ကထက်စာရင် ပိုမိုရှုပ်ထွေးလာပြီး အပြုသဘောထက် စိုးရိမ်ပူပန်မှုဘက်ကို ပိုယိမ်းလာတာ ကို တွေ့ရပါတယ်။ ဒါဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အပြောင်းအလဲတွေကြောင့် ဖြစ်ပါတယ်။ ဟိုတုန်းက လူသားချင်းစာနာထောက်ထားမှုနဲ့ ကူညီရမယ့်သူတွေအဖြစ် မြင်ခဲ့ကြပေမဲ့ ခုအခါမှာ နိုင်ငံရဲ့ ဝန်ထုပ်ဝန်ပိုး ဒါမှမဟုတ် ခြိမ်းခြောက်မှုအဖြစ် မြင်လာကြတယ်။ ယခင်က ယဉ်ကျေးမှု ဖလှယ်ခြင်းကို အားပေးခဲ့ကြတယ်။ ခုတော့ မိမိတို့ ယဉ်ကျေးမှု ပျောက်ကွယ်မှာကို စိုးရိမ်လာကြတယ်။ တရားမဝင် ဝင်ရောက်မှုနဲ့ နယ်စပ်လုံခြုံရေးကို အဓိကထား ငြင်းခုံလာကြပါတယ်။

အဓိကအချက်အလက်တွေကို အောက်ပါအတိုင်း ခွဲခြားကြည့်နိုင်ပါတယ်၊

၁။ အမျိုးသားရေးဝါဒနှင့် နိုင်ငံရေးအရ အသုံးချမှု (Rise of Nationalism) – အနောက်နိုင်ငံ အတော်များများ (ဥပမာ – အမေရိကန်၊ ဥရောပနိုင်ငံများ) မှာ လက်ယာယိမ်း နိုင်ငံရေးပါတီတွေ အားကောင်းလာပါတယ်။ သူတို့က ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ စံနှုန်းတွေကို ခြိမ်းခြောက်သူတွေအဖြစ် ပုံဖော်လာကြပါတယ်။ ရွေးကောက်ပွဲတွေမှာ “ ကိုယ့်နိုင်ငံသား အကျိုးစီးပွားကိုပဲ အရင်ကြည့်မယ်” ဆိုတဲ့ မူဝါဒတွေနဲ့ မဲဆွယ်ကြတဲ့အတွက် လူထုအမြင်မှာ Migrants တွေအပေါ် အဆိုးမြင်မှု ပိုများလာစေပါတယ်။

၂။ စီးပွားရေး ကျပ်တည်းမှုနှင့် အလုပ်အကိုင် စိုးရိမ်စိတ် – ကမ္ဘာတစ်ဝန်းမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့အခါ ဒေသခံပြည်သူတွေက Migrants တွေကို ပြိုင်ဘက်တွေအဖြစ် မြင်လာကြပါတယ်။ “ ငါတို့ရဲ့ အလုပ်အကိုင်တွေကို သူတို့ လုယူနေတယ်” ဆိုတဲ့ အမြင်။ “ အစိုးရရဲ့ လူမှုဖူလုံရေး ရန်ပုံငွေတွေကို ငါတို့နိုင်ငံသားတွေထက် သူတို့က ပိုသုံးနေရတယ်” ဆိုတဲ့ ဝေဖန်မှုတွေ အရှိန်မြင့်လာပါတယ်။

၃။ လုံခြုံရေးနှင့် ဒုစရိုက်မှုဆိုင်ရာ စိုးရိမ်ချက်များ – ရွှေ့ပြောင်းသွားလာသူ အမြောက်အမြား စုပြုံဝင်ရောက်လာတဲ့အခါမှာ (အထူးသဖြင့် တရားမဝင် လမ်းကြောင်းတွေကနေ ဝင်လာတဲ့အခါ) နိုင်ငံရဲ့ လုံခြုံရေးကိုထိခိုက်မှာ စိုးရိမ်ကြပါတယ်။ မီဒီယာအချို့မှာ Migrants တွေနဲ့ ဆက်နွှယ်တဲ့ ပြစ်မှုတွေကို ပိုမိုချဲ့ကား ဖော်ပြတတ်တာကြောင့် လူထုအကြားမှာ ကြောက်ရွံ့မှု (Xenophobia) တွေ ပိုမို ဖြစ်ပေါ်လာစေပါတယ်။

၄။ အပြုသဘောဆောင်သော အမြင် (Positive Perspective) – အဆိုးမြင်မှုတွေ ရှိသလိုပဲ၊ တချို့ကဏ္ဍတွေမှာတော့ Migrants တွေရဲ့ အခန်းကဏ္ဍကို ပိုမို အသိအမှတ်ပြုလာကြပါတယ်။ အိုမင်းလာသော လူဦးရေ တိုးပွားလာနေတဲ့ ဥရောပနဲ့ ဂျပန်လို နိုင်ငံမျိုးတွေမှာ လူငယ်အင်အား နည်းလာတဲ့အတွက် နိုင်ငံရဲ့ စီးပွားရေး မရပ်တန့်သွားဖို့ Migrants လုပ်သားတွေဟာ မရှိမဖြစ် လိုအပ်တယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။ အချို့နိုင်ငံတွေမှာ ကျွမ်းကျင်လုပ်သား လိုအပ်ချက် အနေနဲ့ နည်းပညာနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ နိုင်ငံခြားသား ပညာရှင်တွေ နဲ့ ကျွမ်းကျင်လုပ်သားတွေရဲ့ အကူအညီကို ပိုမို အားကိုးလာရပါတယ်။

ဒီအမြင်တွေ ပြောင်းလဲလာတာဟာ ရွှေ့ပြောင်းသွားလာသူတွေအတွက် ပိုမို တင်းကျပ်တဲ့ မူဝါဒတွေနဲ့ လူမှုရေးအရ ခွဲခြားဆက်ဆံမှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။
မြန်မာနိုင်ငံသား ရွှေ့ပြောင်းသွားလာသူ (Myanmar Migrants) တွေရဲ့ အခြေအနေဟာ လက်ရှိအချိန်မှာ အလွန်စိန်ခေါ်မှုများပြီး ကမ္ဘာ့အာရုံစိုက်မှုကို ခံနေရတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Migrants ပိုမိုများပြားလာတာဟာ နိုင်ငံရေးနှင့် လုံခြုံရေး: ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဘေးကင်းရာကို ထွက်ပြေးကြရတာ။ စီးပွားရေး ကျပ်တည်းမှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင် ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် မိသားစုကို ထောက်ပံ့ဖို့ ပြည်ပကို ထွက်ကြတာ နဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အမြောက်အမြားဟာ အိမ်နီးချင်းနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာလာကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား အများဆုံး သန်းနဲ့ချီ ရှိနေပြီးတော့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ စက်ရုံအလုပ်အကိုင်တွေမှာ အဓိက လုပ်ကိုင်ကြပါတယ်။ မလေးရှားနိုင်ငံ မှာတော့ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ မြန်မာလုပ်သား အများအပြား ရှိပါတယ်။ စင်ကာပူနိုင်ငံ ကို အိမ်အကူ (Domestic Worker) တွေနဲ့ ကျွမ်းကျင်လုပ်သား (Professional) တွေ အဓိက သွားရောက်ကြပါတယ်။ ကိုရီးယား၊ ဂျပန်နဲ့ အနောက်နိုင်ငံတွေကိုလည်း ပညာသင် ဒါမှမဟုတ် အလုပ်အကိုင်အတွက် သွားရောက်သူ တိုးပွားလာနေပါတယ်။
မြန်မာ Migrants တွေဟာ တခြားနိုင်ငံကသူတွေထက် ပိုမိုခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင် ကြရပါတယ်။ တရားဝင်စာရွက်စာတမ်း ဖြစ်တဲ့ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးဖို့ ခက်ခဲတာ၊ အလုပ်သမားကတ် (Pink Card) ကိစ္စတွေမှာ ငွေကုန်ကြေးကျများပြီး အခက်အခဲ ဖြစ်ကြပါတယ်။ လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းတွေ ပိတ်ပင်ခံရတဲ့အခါ တရားမဝင် နယ်စပ် ဖြတ်ကျော်ရင်း အဖမ်းခံရတာ ဒါမှမဟုတ် လူကုန်ကူးခံရတာမျိုးတွေ ရှိပါတယ်။ လက်ခံတဲ့နိုင်ငံရဲ့ ဥပဒေနဲ့ ယဉ်ကျေးမှုအရ အကာအကွယ် အပြည့်အဝမရဘဲ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရမှု ခေါင်းပုံဖြတ်ခံရတာမျိုးတွေ ရှိတတ်ပါတယ်။
ခက်ခဲမှုတွေရှိပေမယ့် မြန်မာ Migrants တွေဟာ နိုင်ငံအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ နိုင်ငံအတွက် ပေးဆပ်မှု (The Positive Side) ရှိနေပါတယ်။ ပြည်ပကနေ ပြန်ပို့တဲ့ငွေ (Remittances) ဟာ မြန်မာပြည်တွင်းက မိသားစုတွေရဲ့ စားဝတ်နေရေးနဲ့ ပညာရေးအတွက် အဓိကကျတဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ ပြည်ပမှာ ရရှိခဲ့တဲ့ ကျွမ်းကျင်မှုအသစ်များ၊ နည်းပညာနဲ့ လုပ်ငန်းအတွေ့အကြုံတွေဟာ နောင်တစ်ချိန် နိုင်ငံပြန်လည် တည်ဆောက်ရေးမှာ အရေးပါတဲ့ အရင်းအမြစ်တွေ ဖြစ်လာမှာပါ။
လက်ရှိမှာ မြန်မာ Migrants တွေကို အိမ်နီးချင်းနိုင်ငံတွေက ပိုမိုတင်းကျပ်စွာ စစ်ဆေးလာတဲ့အတွက် သူတို့ရဲ့ ဘေးကင်းလုံခြုံရေးဟာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့မှာ အထူးအလေး ထား စဉ်းစားရမယ့် အချက် ဖြစ်လာ ပါတယ်။
CLM

Related Posts