အပူချိန်မြင့်တက်လာမှုနှင့်အတူ နိုးထလာနေတဲ့ တိတ်တဆိတ် သတ်ဖြတ်သူ (မှိုများ)

ဘက်တီးရီးယား (Bacteria) နဲ့ ဗိုင်းရပ်စ် (Virus) ပိုးတွေဟာ နှစ်ပေါင်းသန်းနဲ့ချီ ကြာမြင့်တဲ့အထိ လူသားတွေရဲ့ အကြီးမားဆုံး ရန်သူကြီးတွေ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ခေတ် ဆေးပညာတွေ ဘယ်လောက်ပဲ တိုးတက်တယ်ဆိုဆို သူတို့ကို ထိန်းချုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ လူသားတွေဟာ အကြီးအကျယ် ရုန်းကန်နေရဆဲပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကမ္ဘာကြီးပူနွေးလာမှု (Global Warming) အရှိန်အဟုန်နဲ့အတူ ကြောက်မက်ဖွယ်ကောင်းတဲ့ ရန်သူသစ်တစ်မျိုး ပေါ်ထွက်လာနေပါပြီ။ အဲဒါကတော့ “ မှို” (Fungi) တွေပဲ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲလာတာနဲ့အမျှ အရင်က ငြိမ်သက်နေခဲ့တဲ့ ဒီသက်ရှိတွေဟာ လူသားမျိုးနွယ်တစ်ခုလုံးကို ခြိမ်းခြောက်လာနိုင်တဲ့ အနေအထားကို ရောက်ရှိလာနိုင်ခြေရှိပါတယ်။

၁။ မှို (Fungi) ဆိုတာ ဘာလဲ၊ သူတို့ ဘယ်လိုအလုပ်လုပ်သလဲ။

“ မှို” လို့ ပြောလိုက်ရင် လူတော်တော်များများရဲ့ မျက်စိထဲမှာ ဟင်းချက်စားတဲ့ ကောက်ရိုးမှိုတို့၊ ပေါင်မုန့်တွေကြာလာရင် တက်လာတဲ့ အမဲစက်တို့လောက်ပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ မှိုကမ္ဘာ (Kingdom Fungi) ဟာ ကျွန်တော်တို့ ထင်ထားတာထက် အများကြီး ပိုမိုကျယ်ပြန့်ပြီး ရှုပ်ထွေးနက်နဲပါတယ်။ သူတို့ဟာ အပင်မဟုတ်သလို သတ္တဝါလည်း မဟုတ်တဲ့ သီးခြားသက်ရှိအုပ်စုတစ်စုပါ။

ကမ္ဘာပေါ်မှာ မှိုမျိုးစိတ်ပေါင်း သန်းချီရှိပြီး အများစုကတော့ သဘာဝတရားရဲ့ “ သန့်ရှင်းရေးသမား” (decomposer) တွေအဖြစ် တာဝန်ယူထားကြပါတယ်။ သူတို့က သစ်ပင်ဆွေးတွေ၊ သတ္တဝါအသေကောင်တွေကို ဖြိုခွဲပြီး မြေဆီလွှာအဖြစ် ပြန်လည်ပြောင်းလဲပေးတဲ့အတွက် ကျွန်တော်တို့ရဲ့လောကအတွက် အရမ်းကို အရေးပါအရာရောက်ပါတယ်။ ဒါပေမဲ့ ဒီအုပ်စုကြီးထဲမှာပဲ အခြားသက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး အာဟာရကို စုပ်ယူရှင်သန်တတ်တဲ့ “ ကပ်ပါးမှို” (Parasitic Fungi) တွေလည်း အများကြီး ရှိနေပါတယ်။ 

၂။ တိရစ္ဆာန်လောကကို ခြိမ်းခြောက်နေသော လက်တွေ့မြင်ကွင်းများ

မှိုတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို သိချင်ရင် တိရစ္ဆာန်လောကကို လေ့လာကြည့်လိုက်တာနဲ့တင် လုံလောက်ပါတယ်။ အင်းဆက်ပိုးမွှားတွေကနေ ကျောရိုးရှိသတ္တဝါတွေအထိ ခုခံနိုင်စွမ်းမရှိတဲ့ သတ္တဝါတွေဟာ မှိုတွေရဲ့ လက်ချက်နဲ့ အစုလိုက်အပြုံလိုက် သေဆုံးနေကြရပါတယ်။

လူသိအများဆုံး ဥပမာတစ်ခုကတော့ Ophiocordyceps လို့ခေါ်တဲ့ မှိုတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီမှိုဟာ ပုရွက်ဆိတ်တွေကို ကူးစက်ပြီးရင် ပုရွက်ဆိတ်ရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ဝင်ရောက်ထိန်းချုပ်လိုက်ပြီး ရောဂါကူးစက်ခံရတဲ့ ပုရွက်ဆိတ်ဟာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဖုတ်ကောင် (Zombie) တစ်ကောင်လို ဖြစ်သွားပါတယ်။ ဒီအဆင့်ရောက်တာနဲ့ မှိုက ပုရွက်ဆိပ်ရဲ့ ခန္ဒာကိုယ်ကို အပြီးအပိုင်ထိန်းချုပ်ပြီး သစ်ပင်အမြင့်ပေါ်မှာရှိတဲ့ သစ်ရွက်တဟ်ရွက်ရွက်ဆီကို ကိုက်ခဲထားက်ေစပါတယ်။ အဲဒီအခါမှ ပုရွက်ဆိတ်ရဲ့ခေါင်းထဲကနေ မှိုပင်ကြီး ထွက်လာပြီးတော့ နောက်ထပ် မှိုမျိုးမှုန်တွေကို လေထဲကနေတဆင့် အောက်မှာရှိတဲ့ တခြားပုရွက်ဆိတ်တွေကို ထပ်မံကူးစက်စေပါတယ်။ ဒါဟာ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းမဟုတ်ဘဲ တောတောင်တွေထဲမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ အမှန်တရားပါ။

ဒါတင်မကပါဘူး။ ဖားတွေနဲ့ ကုန်းနေရေနေ သတ္တဝါတွေကို မျိုးသုဉ်းလုနီးပါး ဖြစ်စေတဲ့ Chytrid Fungus ဆိုတာလည်း ရှိပါသေးတယ်။ ဒီမှိုက ဖားတွေရဲ့ အရေပြားကို စားသုံးပြီး ဖားတွေကို အသက်ရှူလို့မရအောင်၊ နှလုံးရပ်သွားအောင် လုပ်ဆောင်ပါတယ်။ ဒီမှိုကြောင့် ကမ္ဘာပေါ်မှာ ပျောက်ကွယ်ခဲ့တဲ့ ဖားမျိုးစိတ်ပေါင်းဟာလည်း မနည်ရပါဘူး။

ဒီဖြစ်ရပ်တွေက ဘာကိုပြနေသလဲဆိုရင် မှိုတွေဟာ သက်ရှိမျိုးစိတ်တစ်ခုလုံးကို မျိုးသုဉ်းသွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိတယ်ဆိုတာပါပဲ။

၃။ လူသားတွေရဲ့ ခုခံအားနဲ့ အပူချိန် အတားအဆီး

ဒါဆိုရင် မေးစရာရှိလာပါတယ်။ “ ဘာဖြစ်လို့ လူသားတွေက ပုရွက်ဆိတ်တွေ၊ ဖားတွေလိုမျိုး မှိုရောဂါဒဏ်ကို အကြီးအကျယ် မခံစားရသေးတာလဲ” ဆိုတာပါ။

အဖြေကတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် အပူချိန်ကြောင့်ပဲ ဖြစ်ပါတယ်။ လူသားတွေနဲ့ နို့တိုက်သတ္တဝါအများစုရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ၃၇ ဒီဂရီ စင်တီဂရိတ် (98.6°F) ဝန်းကျင်မှာ ရှိပါတယ်။ ကမ္ဘာပေါ်ရှိ မှိုမျိုးစိတ်အများစုဟာ အပူချိန် ၁၂ ဒီဂရီကနေ ၃၀ ဒီဂရီ စင်တီဂရိတ်ကြားမှာပဲ ကောင်းကောင်းရှင်သန်နိုင်ကြတာပါ။ လူခန္ဓာကိုယ်ရဲ့ ၃၇ ဒီဂရီ ဆိုတဲ့ အပူချိန်ဟာ မှိုတွေအတွက်တော့ အရမ်းပူလွန်းတဲ့ မီးဖိုကြီးလို ပါပဲ။ ဒါကြောင့် မှိုအများစုဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာရင်တောင် အပူဒဏ်ကြောင့် မရှင်သန်နိုင်ကြပါဘူး။ ဒါဟာ သဘာဝတရားက ကျွန်တော်တို့ကို မှိုဒဏ်ကနေ ကာကွယ်နိုင်ဖို့ ပေးထားတဲ့ အကောင်းဆုံး အကာအကွယ် (Thermal Barrier) တစ်ခုပါပဲ။

ဒါပေမဲ့ ဒီအကာအကွယ်က အခုအခါမှာ ခြိမ်းခြောက်ခံနေရပါပြီ။

ကမ္ဘာကြီးပူနွေးလာမှု (Global Warming) ကြောင့် ကမ္ဘာ့လေထုအပူချိန်ဟာ တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ ဒီအချက်က မှိုတွေကို “ Evolution” (ဆင့်ကဲပြောင်းလဲမှု) ဖြစ်ပေါ်စေဖို့ တွန်းအားပေးနေသလိုပါပဲ။ အပြင်လောကရဲ့ အပူချိန် မြင့်တက်လာတာနဲ့အမျှ မှိုတွေဟာ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ပိုပူတဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် သူတို့ရဲ့ မျိုးရိုးဗီဇကို ပြုပြင်ပြောင်းလဲလာကြပါတယ်။

ရိုးရှင်းအောင် တွေးကြည့်မယ်ဆိုရင် အပြင်မှာ ၃၂ ဒီဂရီ၊ ၃၄ ဒီဂရီလောက်အထိ ပူတာကို ခံနိုင်ရည်ရှိလာတဲ့ မှိုတစ်မျိုးဟာ လူ့ခန္ဓာကိုယ်ရဲ့ ၃၇ ဒီဂရီ ဆိုတဲ့ အပူချိန်ကိုလည်း မကြာခင်မှာ ခံနိုင်ရည် ရှိလာတော့မှာ ဖြစ်ပါတယ်။ အပြင်က ကမ္ဘာကြီး ပူလာလေလေ၊ မှိုတွေက အပူဒဏ်ခံနိုင်လေလေဖြစ်ပြီး နောက်ဆုံးမှာ လူသားတွေရဲ့ “ အပူချိန် ခံတပ်” ကျိုးပေါက်သွားနိုင်တဲ့ အခြေအနေကို ဦးတည်နေပါတယ်။

၄။ ဘက်တီးရီးယားထက် ပိုကြောက်စရာကောင်းတဲ့ အရာတစ်ခု

မှိုရောဂါကူးစက်မှု (Fungal Infection) ဖြစ်ပွားလာရင် ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ထက် ကုသရတာ ပိုခက်ခဲပြီး ပိုကြောက်စရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အဓိက အချက် (၃) ချက် ရှိပါတယ်။

  ဇီဝဗေဒ ဆင်တူမှု – ဘက်တီးရီးယားတွေနဲ့ လူ့ဆဲလ်တွေဟာ ဖွဲ့စည်းပုံချင်း လုံးဝ မတူပါဘူး။ ဒါကြောင့် ဘက်တီးရီးယားကို သတ်တဲ့ ပဋိဇီဝဆေး (Antibiotics) တွေက လူ့ဆဲလ်ကို မထိခိုက်စေဘဲ ရောဂါပိုးကိုပဲ ရွေးချယ်တိုက်ခိုက်လို့ ရပါတယ်။ ဒါပေမဲ့ မှိုတွေရဲ့ ဆဲလ်ဖွဲ့စည်းပုံ (Eukaryotes) ကတော့ လူ့ဆဲလ်တွေနဲ့ အတော်လေး ဆင်တူပါတယ်။ ဒါကြောင့် မှိုကိုသတ်မယ့် ဆေးဝါးတွေဟာ လူ့ခန္ဓာကိုယ်က ဆဲလ်ကောင်းတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မှိုသတ်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုး အရမ်းများတတ်ပါတယ်။

 ကာကွယ်ဆေး မရှိခြင်း – လက်ရှိအချိန်ထိ မှိုရောဂါအတွက် ထိရောက်တဲ့ ကာကွယ်ဆေး (Vaccine) ဆိုတာ မရှိသေးပါဘူး။

 ရောဂါရှာဖွေရန် ခက်ခဲခြင်း – မှိုရောဂါကူးစက်ခံရရင် အစပိုင်းမှာ သာမန်ဖျားနာတာလောက်နဲ့ ခွဲခြားရ ခက်ပါတယ်။ သွေးထဲရောက်သွားပြီဆိုရင်တော့ ကုသဖို့ အရမ်းနောက်ကျသွားပါပြီ။

လက်ရှိမှာတင် Candida auris လို့ခေါ်တဲ့ မှိုတစ်မျိုးဟာ ဆေးရုံတွေမှာ စတင်ပြန့်ပွားနေပြီး ဆေးယဉ်ပါးမှု (Drug Resistance) ရှိတဲ့အတွက် ဆရာဝန်တွေကို ခေါင်းကိုက်စေပါတယ်။ သိပ္ပံပညာရှင်တချို့က ဒီမှိုဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူဒဏ်ခံနိုင်ရည်ရှိလာပြီး လူတွေကို စတင်တိုက်ခိုက်လာတဲ့ ပထမဆုံး ဥပမာတစ်ခု ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

နိဂုံး

ကမ္ဘာကြီးပူနွေးလာမှုလို့ ပြောလိုက်ရင် ရေခဲတွေ အရည်ပျော်တာ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာ၊ မုန်တိုင်းတွေ တိုက်တာလောက်ကိုပဲ ပြေးမြင်မိကြတာ များပါတယ်။ ဒါပေမဲ့ တကယ့်အန္တရာယ်က ကျွန်တော်တို့ မျက်စိနဲ့ မမြင်နိုင်တဲ့ အဏုဇီဝလောကမှာ တိတ်တဆိတ် ကြီးထွားလာနေပါတယ်။

အပူချိန် မြင့်တက်လာမှုဟာ သဘာဝတရားရဲ့ မျှခြေ (balance) ကို ပျက်စီးစေပြီး လူသားတွေရဲ့ ကိုယ်ခံအားစနစ်နဲ့ သဘာဝအတားအဆီးတွေကို ကျော်ဖြတ်နိုင်မယ့် ရောဂါပိုးမွှားသစ်တွေကို မွေးထုတ်ပေးနေပါတယ်။ မှိုတွေရဲ့ ခြိမ်းခြောက်မှုဟာ ရုပ်ရှင်တွေထဲကလို ချက်ချင်းကြီး လူတွေကို ကိုက်စားမယ့် ပုံစံမျိုး မဟုတ်ရင်တောင်၊ ကုသရခက်ခဲတဲ့ ရောဂါဆန်းတွေ၊ ကူးစက်မြန် ကပ်ရောဂါတွေအဖြစ် ပေါ်ပေါက်လာနိုင်ပါတယ်။

ဒါကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချဖို့ ကြိုးစားခြင်းဟာ ရာသီဥတုတစ်ခုတည်းအတွက် မဟုတ်ဘဲ ကျွန်တော်တို့ မယှဉ်ပြိုင်နိုင်တဲ့ ရောဂါဆိုးတွေ မပေါ်ပေါက်လာအောင် တားဆီးခြင်းလည်း ဖြစ်ကြောင်း လူတိုင်း သတိပြုသင့်ပါပြီ။ အချိန်မလွန်ခင် ပြင်ဆင်မှုတွေ မလုပ်ရင်တော့ သဘာဝတရားက ကျွန်တော်တို့ကို ပြန်လည်တုံ့ပြန်မယ့် ဒဏ်တွေဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုမို ရက်စက်ပါလိမ့်မယ်။

Oatara

Related Posts