အပြာရောင် သမုဒ္ဒရာအောက်က “ အသက်မဲ့ဇုန်များ”

ကမ္ဘာမြေကို အာကာသထဲကနေ လှမ်းကြည့်လိုက်မယ်ဆိုရင် အပြာရောင် ရေထုကြီးက လွှမ်းခြုံထားတာကို တွေ့မြင်ရမှာပါ။ လူသားတွေအတွက် သမုဒ္ဒရာဆိုတာ အပန်းဖြေစရာ၊ အစာရေစာ ရှာဖွေရာနဲ့ ကုန်စည်ကူးသန်းရာ အသက်သွေးကြောကြီး တစ်ခုလည်း ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေမှာ ရပ်ပြီး အဆုံးမရှိ ကျယ်ပြောလှတဲ့ ရေပြင်ကြီးကို ကြည့်လိုက်ရင် လှိုင်းပုတ်သံ၊ ပင်လယ်လေနုအေးနဲ့ နေရောင်ခြည်အောက်မှာ တောက်ပနေတဲ့ ရေမျက်နှာပြင်တို့က ငြိမ်းချမ်းမှုရဲ့ သင်္ကေတတစ်ခုလို ခံစားရစေပါတယ်။

ဒါပေမဲ့ ဒီအလှတရားရဲ့ အောက်ဘက်နေရောင်ခြည်မရောက်နိုင်တဲ့ ရေနက်ပိုင်းတွေမှာတော့ အခြေအနေက လုံးဝ မတူပါဘူး။ အဲဒီနေရာတွေမှာ သက်ရှိတွေ အသက်ရှူဖို့အတွက် လေ (အောက်ဆီဂျင်) မရှိတော့သလောက် နည်းပါးသွားတဲ့အတွက် သက်ရှိမှန်သမျှ သေဆုံးပျောက်ကွယ်နေရတဲ့ “ အသက်မဲ့ဇုန်” (Dead Zones) တွေ တိုးပွားလာနေပါပြီ။ ဒါဟာ သဘာဝတရားက ဖန်တီးတာ မဟုတ်ဘဲ လူသားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။

၁။ အသက်မဲ့ဇုန် (Dead Zone) ဆိုတာ ဘာလဲ။

သိပ္ပံပညာအရ ဒီဇုန်တွေကို Hypoxic Zones (အောက်ဆီဂျင် လွန်စွာနည်းပါးသော ဇုန်များ) လို့ ခေါ်ဆိုကြပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ လေထုထဲက အောက်ဆီဂျင်ကို မရရှိရင် မိနစ်ပိုင်းအတွင်း သေဆုံးသွားနိုင်သလိုပါပဲ ရေအောက်သတ္တဝါတွေ ဖြစ်တဲ့ ငါး၊ ပုစွန်၊ ဂဏန်းနဲ့ ခရုတွေဟာလည်း ရေထဲမှာ ပျော်ဝင်နေတဲ့ အောက်ဆီဂျင် (Dissolved Oxygen) ကို မဖြစ်မနေ လိုအပ်ပါတယ်။

ပုံမှန် ပင်လယ်ရေတစ်လီတာမှာ အောက်ဆီဂျင်ပမာဏ ၆ မီလီဂရမ်ကနေ ၁၀ မီလီဂရမ်လောက်အထိ ပါဝင်လေ့ရှိပါတယ်။ ဒါပေမဲ့ “ အသက်မဲ့ဇုန်” တွေမှာတော့ ဒီပမာဏဟာ ၂ မီလီဂရမ် အောက်အထိ ထိုးကျသွားပါတယ်။ ဒီပမာဏဟာ ရေအောက်သတ္တဝါ အများစုအတွက် အသက်ရှင်ရပ်တည်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ အဲဒီနေရာကို ရောက်သွားတဲ့ ဘယ်သတ္တဝါမဆို အောက်ဆီဂျင်ပြတ်လပ်ပြီး မွန်းကြပ်သေဆုံးကြရပါတယ်။ ဒါဟာ တောင်တက်သမားတစ်ယောက် အောက်ဆီဂျင်ဘူး မပါဘဲ ဧဝရတ်တောင်ထိပ်ကို ရောက်သွားသလိုမျိုး အသက်ရှူရ ခက်ခဲပင်ပန်းတဲ့ အခြေအနေမျိုးပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာ ကမ္ဘာ့သမုဒ္ဒရာတွေထဲက အောက်ဆီဂျင်မရှိတဲ့ ဒီလိုဇုန်တွေဟာ လေးဆ လောက်အထိ တိုးပွားလာခဲ့ပြီလို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။ အချို့သော Dead Zones တွေက ရာသီအလိုက် (ဥပမာ- နွေရာသီမှာ) ဖြစ်ပေါ်တတ်ပေမယ့်၊ အချို့နေရာတွေမှာတော့ တစ်နှစ်ပတ်လုံး အမြဲတမ်း သေဆုံးနေတဲ့ နေရာတွေအဖြစ် ပြောင်းလဲသွားကြပါပြီ။

၂။ ဒီပြဿနာ ဘယ်က စသလဲ (လူသားတို့ရဲ့ လက်ချက်)

ဒီအသက်မဲ့ဇုန်တွေ ဖြစ်ပေါ်လာရတဲ့ အဓိကတရားခံကတော့ ပင်လယ်ထဲက အကြောင်းရင်းတွေကြောင့် မဟုတ်ပါဘူး။ ကုန်းမြေပေါ်မှာ နေထိုင်ကြတဲ့ ကျွန်တော်တို့ လူသားတွေကြောင့်ပါပဲ။ ပြဿနာက ကျွန်တော်တို့ရဲ့ စိုက်ခင်းတွေနဲ့ မြို့ပြတွေဆီကနေ စတင်ပါတယ်။

ကမ္ဘာ့လူဦးရေ တိုးတက်လာတာနဲ့အမျှ စားနပ်ရိက္ခာ လိုအပ်ချက်ကလည်း အဆမတန် မြင့်မားလာပါတယ်။ တောင်သူလယ်သမားတွေဟာ သီးနှံတွေ ပိုမိုထွက်ရှိအောင်၊ အသီးအနှံတွေ ပိုကြီးထွားအောင် နိုက်ထရိုဂျင် (Nitrogen) နဲ့ ဖော့စဖရပ် (Phosphorus) ပါဝင်တဲ့ ဓာတ်မြေဩဇာတွေကို အလွန်အကျွံ သုံးစွဲကြပါတယ်။ ဒီဓာတ်တွေဟာ အပင်တွေအတွက်တော့ မရှိမဖြစ် အာဟာရတွေပါ။ ဒါပေမဲ့ အပင်တွေက စုပ်ယူလို့မကုန်တဲ့ ပိုလျှံနေတဲ့ မြေဩဇာတွေဟာ မိုးရွာတဲ့အခါ မြေကြီးထဲကနေ တိုက်စားခံရပြီး ချောင်းတွေ၊ မြောင်းတွေထဲကို ရောက်ရှိသွားပါတယ်။

အဲဒီ ချောင်းတွေကနေတဆင့် မြစ်ကြီးတွေဆီ၊ မြစ်ကြီးတွေကနေတဆင့် နောက်ဆုံးမှာတော့ ပင်လယ်သမုဒ္ဒရာကြီးတွေဆီကို စုပြုံပြီး စီးဝင်သွားကြပါတယ်။ ဒါတင်မကသေးပါဘူး။ မြို့ပြတွေက စွန့်ပစ်လိုက်တဲ့ မိလ္လာရည်တွေ၊ စက်ရုံက စွန့်ပစ်တဲ့ရေတွေနဲ့ မော်တော်ကားတွေက ထွက်တဲ့ နိုက်ထရိုဂျင် ဓာတ်ငွေ့တွေကလည်း မိုးရေနဲ့ရောပြီး ပင်လယ်ထဲကို ရောက်ရှိသွားကြပါတယ်။ သိပ္ပံပညာအရ ဒီလို အာဟာရဓာတ်တွေ လွန်ကဲစွာ ရောက်ရှိသွားခြင်းကို Eutrophication လို့ ခေါ်ပါတယ်။

၃။ ရေညှိတွေ အလွန်အကျွံပြန့်ပွါးမှု (Algal Blooms)

ပင်လယ်ထဲကို ဓာတ်မြေဩဇာ (အာဟာရဓာတ်) တွေ အမြောက်အမြား ရောက်ရှိလာတဲ့အခါ ပင်လယ်ရေညှိ (Algae) နဲ့ Phytoplankton လို့ခေါ်တဲ့ အဏုဇီဝအပင်လေးတွေအတွက်တော့ ဧရာမ စားပွဲတော်ကြီး ခင်းပေးလိုက်သလိုပါပဲ။ အစာရေစာ ပေါများသွားတဲ့အတွက် ရေညှိတွေဟာ ထိန်းချုပ်မရနိုင်အောင် လျင်မြန်စွာ ပေါက်ပွားလာကြပါတယ်။ ဒါကို Algal Bloom (ရေညှိများ ပြန့်ပွါးခြင်း) လို့ ခေါ်ပါတယ်။

ဒီလိုဖြစ်လာတဲ့အခါ ပင်လယ်ပြင်တစ်ခုလုံးဟာ ရေညှိတွေကြောင့် အရောင်တွေ ပြောင်းသွားတတ်ပါတယ်။ တချို့နေရာတွေမှာ စိမ်းဖန့်ဖန့် အရောင် (Green Tide)၊ တချို့နေရာတွေမှာတော့ အနီရောင် (Red Tide) အဖြစ် ပြောင်းလဲသွားပြီး ဂြိုဟ်တုဓာတ်ပုံတွေကနေတောင် လှမ်းမြင်ရတဲ့အထိ ကျယ်ပြန့်ပါတယ်။

ဒီရေညှိတွေ အရမ်းများလာတဲ့အခါ ပြဿနာနှစ်ခု ဖြစ်လာပါတယ်။

 1. နေရောင်ခြည် ပိတ်ဆို့ခြင်း: ရေမျက်နှာပြင်မှာ ဖုံးလွှမ်းနေတဲ့ ရေညှိထုကြောင့် နေရောင်ခြည်ဟာ ရေအောက်ကို ထိုးဖောက်မဝင်ရောက်နိုင်တော့ပါဘူး။ ဒီအခါမှာ ပင်လယ်အောက်ခြေက ရေမှော်ပင်တွေနဲ့ သန္တာကျောက်တန်းတွေဟာ အလင်းရောင်မရတော့ဘဲ သေဆုံးကုန်ကြပါတယ်။

 2. အဆိပ်ထုတ်လွှတ်ခြင်း: အချို့သော ရေညှိမျိုးစိတ်တွေဟာ သက်ရှိတွေကို သေစေနိုင်တဲ့ အဆိပ်အတောက် (Toxins) တွေကိုပါ ထုတ်လွှတ်တတ်ပါသေးတယ်။

ဒါပေမယ့် ဒီပြဿနာနှစ်ခုဟာ အသက်မဲ့ဇုန်တွေဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေထဲမှာပါဝင်ပေမဲ့ အဓိကပြဿနာမဟုတ်သေးပါဘူး။

၄။ အောက်ဆီဂျင်ကို ခိုးယူသူများ (ဘက်တီးရီးယားများ)

တကယ့်ပြဿနာအစစ်က ရေညှိတွေ သက်တမ်းကုန်ဆုံးပြီး သေဆုံးသွားတဲ့အချိန် မှာမှ စတင်တာပါ။ ရေညှိတွေ သေဆုံးတဲ့အခါ သူတို့ဟာ ပင်လယ်ကြမ်းပြင်ကို မိုးရွာသလို တဖွဲဖွဲ ကျဆင်းသွားပါတယ်။

ပင်လယ်အောက်ခြေကို ရောက်တဲ့အခါမှာတော့ ဖြိုခွဲရေးသမား ဘက်တီးရီးယား (Decomposer Bacteria) တွေရဲ့ အလှည့် ရောက်လာပါပြီ။ ဒီဘက်တီးရီးယားတွေဟာ အလွန်များပြားလှတဲ့ ရေညှိအသေကောင်တွေကို စားသောက်ပြီး ဖြိုခွဲကြပါတယ်။ ပြဿနာကတော့ ဒီလို ဖြိုခွဲတဲ့ ဓာတုမှုဖြစ်စဉ်မှာ ဘက်တီးရီးယားတွေဟာ ရေထဲက ရှိသမျှ အောက်ဆီဂျင် အကုန်လုံးကို စုပ်ယူသုံးစွဲလိုက်တာပါ။

ရေညှိတွေ များလေလေ၊ဘက်တီးရီးယားတွေရဲ့ အစားအသောက်များလေလေ၊ ဘက်တီးရီးယားတွေ ပိုပြီးမျိုးပွါးလေလေပါပဲ။ ဘက်တီးရီးယားတွေက အောက်ဆီဂျင်ကို အငမ်းမရ စုပ်ယူလိုက်တဲ့အတွက် နောက်ဆုံးမှာတော့ ပင်လယ်အောက်ခြေ ရေထုတစ်ခုလုံးမှာ အောက်ဆီဂျင် လုံးဝ မကျန်တော့တဲ့အထိ (Anoxic conditions) ဖြစ်သွားပါတယ်။ အဲဒီနေရာဟာ ရေတော့ရှိပါရဲ့။ ဒါပေမဲ့ သက်ရှိတွေ အသက်ရှင်လို့မရတဲ့ “ Dead zone” ဖြစ်သွားပါတော့တယ်။

၅။ ရုန်းထွက်မရသော သားကောင်များ

အောက်ဆီဂျင် ကုန်ခန်းသွားတဲ့အခါ အဲဒီနေရာဟာ ရေအောက် သင်္ချိုင်း တစ်ခု ဖြစ်သွားပါတယ်။ ဒီအခြေအနေမှာ သတ္တဝါတွေရဲ့ ကံကြမ္မာက နှစ်မျိုးကွဲပြားသွားပါတယ်။

လွတ်မြောက်နိုင်သော သတ္တဝါများ – ငါးတွေလိုမျိုး လျင်မြန်စွာ ကူးခတ်နိုင်တဲ့ သတ္တဝါတွေကတော့ အောက်ဆီဂျင် နည်းလာတာကို အာရုံခံမိတာနဲ့ တခြားနေရာကို အမြန်ဆုံး ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ ဒါပေမဲ့ သူတို့အတွက် နေထိုင်ကျက်စားရာ နေရာတွေ ကျဉ်းမြောင်းသွားစေပြီး၊ အခြားနေရာတွေမှာ ငါးတွေ ပြည့်ကျပ်ကာ အစာရေစာ လုရတဲ့ ပြဿနာတွေ ဖြစ်လာပါတယ်။

 ကံမကောင်းသော ပင်လယ်အောက်ခြေနေ သတ္တဝါများ – ဂဏန်းတွေ၊ ခရုတွေ၊ ပုစွန်တွေ၊ ပင်လယ်တီကောင်တွေနဲ့ ပင်လယ်ကြမ်းပြင်မှာ ကပ်နေတဲ့ သန္တာကျောက်တန်းတွေကတော့ ကံဆိုးရှာပါတယ်။ သူတို့ဟာ ငါးတွေလို ခရီးဝေးကို လျင်မြန်စွာ မပြေးနိုင်ကြပါဘူး။  သူတို့ဟာ ရေထဲမှာ ရှိနေရက်နဲ့ လေမရဘဲ တဖြည်းဖြည်း မွန်းကြပ်ပြီး သေဆုံးကြရပါတယ်။ သိပ္ပံပညာရှင်တွေ ရေငုပ်ပြီး လေ့လာကြည့်တဲ့အခါ ဒီလိုဇုန်တွေမှာ ပင်လယ်ကြမ်းပြင်တစ်ခုလုံး ဂဏန်းအသေကောင်တွေ၊ ငါးအသေကောင်တွေနဲ့ ပြည့်နှက်နေတာကို စိတ်မကောင်းစရာ တွေ့ရှိခဲ့ရပါတယ်။

တစ်ခါတလေမှာ “ Jubilee” လို့ခေါ်တဲ့ ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ပြတ်လပ်နေတဲ့ ရေအောက်ကနေ လွတ်မြောက်ဖို့အတွက် ဂဏန်းတွေနဲ့ ပုစွန်တွေဟာ ကမ်းခြေသဲသောင်ပြင်ပေါ်ကို အစုလိုက်အပြုံလိုက် တက်လာကြတာမျိုးပါ။ လူတွေကတော့ ဒါကို ကောက်ယူပြီး ပျော်ရွှင်ကြပေမယ့်၊ တကယ်တော့ ဒါဟာ သူတို့ရဲ့ နောက်ဆုံးထွက်သက် မွန်းကြပ်မှုကနေ ထွက်ပြေးလာကြတဲ့ ဝမ်းနည်းစရာ မြင်ကွင်းတစ်ခုသာ ဖြစ်ပါတယ်။

၆။ ကမ္ဘာကြီးပူနွေးလာမှုက မီးလောင်ရာ လေပင့်ခြင်း

ဒီအခြေအနေကို ပိုပြီး ဆိုးရွားစေတာကတော့ ကမ္ဘာကြီးပူနွေးလာမှု (Global Warming) ပါပဲ။ ကမ္ဘာကြီးပူနွေးလာမှုက Dead Zones တွေကို ပိုဆိုးအောင် လုပ်နေတဲ့အချက် (၃) ချက်ရှိပါတယ်။

 ပျော်ဝင်မှု နည်းပါးခြင်း – ရူပဗေဒသဘောတရားအရ ရေဟာ ပူနွေးလာရင် အောက်ဆီဂျင်ကို ထိန်းသိမ်းထားနိုင်စွမ်း လျော့နည်းသွားပါတယ် (ရေအေးက ရေနွေးထက် အောက်ဆီဂျင် ပိုပျော်ဝင်နိုင်ပါတယ်)။ ဒါကြောင့် ပင်လယ်ရေတွေ ပူလာတာနဲ့အမျှ ရေထဲမှာ အောက်ဆီဂျင် သိုလှောင်နိုင်စွမ်းက အလိုလို ကျဆင်းလာပါတယ်။

 ရေထု အလွှာကွဲခြင်း (Stratification) -ကမ္ဘာကြီးပူလာတဲ့အခါ ရေခဲတွေ အရည်ပျော်ပြီး ရေချိုတွေ ပင်လယ်ထဲ ဝင်လာမယ်။ နေရောင်ကြောင့် ရေမျက်နှာပြင်ကလည်း ပိုပူလာမယ်။ ရေပူနဲ့ ရေချိုဟာ ပေါ့ပါးတဲ့အတွက် အပေါ်မှာပဲ နေလေ့ရှိပြီး အောက်ဘက်က ရေအေး၊ ရေငန်နဲ့ ရောနှောခြင်း မရှိတော့ပါဘူး။ ဒီတော့ ရေမျက်နှာပြင်က အဖုံးအုပ်ထားသလို ဖြစ်သွားပြီး လေထုထဲက အောက်ဆီဂျင်တွေ ရေအောက်ခြေကို မရောက်နိုင်အောင် တားဆီးလိုက်သလို ဖြစ်သွားပါတယ်။

 ဇီဝဖြစ်စဉ် မြန်ဆန်လာခြင်း – ရေပူလာတဲ့အခါ ငါးတွေနဲ့ ရေအောက်သတ္တဝါတွေရဲ့ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ် (Metabolism) က ပိုမြန်လာပါတယ်။ ဆိုလိုတာက သူတို့ဟာ အသက်ရှင်ဖို့အတွက် အောက်ဆီဂျင်ကို ပုံမှန်ထက် ပိုပြီး လိုအပ်လာပါတယ်။ အောက်ဆီဂျင်က နည်းနေတဲ့အချိန်မှာ လိုအပ်ချက်က ပိုများလာတာကြောင့် သေဆုံးနှုန်း ပိုမြန်ဆန်စေပါတယ်။

၇။ လူသားတွေအတွက် ဘာတွေ ထိခိုက်မလဲ။

“ ပင်လယ်အောက်ခြေက ဂဏန်းတွေ သေတာ ငါတို့နဲ့ ဘာဆိုင်လို့လဲ” လို့ မေးကြတဲ့သူတွေလည်းရှိမှာပါ။ တကယ်တော့ ဒီပြဿနာဟာ ကျွန်တော်တို့နဲ့တိုက်ရိုက် သက်ဆိုင်နေပြီး အကျိုးဆက်တွေက ကြီးမားလွန်းပါတယ်။

စီးပွားရေးနှင့် စားနပ်ရိက္ခာ

ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာဟာ ပင်လယ်စာကို အဓိကအစားအစာအဖြစ် မှီခိုနေရပါတယ်။ Dead Zones တွေ များလာတာနဲ့အမျှ ငါးဖမ်းကွက်တွေ ပျက်စီးပြီး ငါးဖမ်းဆီးရရှိမှု လျော့နည်းလာပါမယ်။ ဥပမာ – အမေရိကန်နိုင်ငံရှိ မက္ကဆီကို ပင်လယ်ကွေ့ (Gulf of Mexico) မှာ ဖြစ်ပေါ်နေတဲ့ ဧရာမ Dead Zone ကြီးကြောင့် ငါးဖမ်းလုပ်ငန်းဟာ နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးနေရပါတယ်။ ငါးရှားပါးလာရင် ကုန်ဈေးနှုန်းတွေ တက်လာပြီး ဆင်းရဲသားပြည်သူတွေ အစာရေစာ အခက်အခဲ တွေ့နိုင်ပါတယ်။

ဒါက မြန်မာနိုင်ငံသာ ကြုံတွေ့ရရင် ကျွန်တော်တို့ရဲ့ ရေလုပ်ငန်းအပေါ် မှီခိုနေရတဲ့ စီးပွားရေးစနစ်တစ်ခုလုံး ယိုင်နဲ့သွားနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်း တနင်္သာရီ၊ ရခိုင်နဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မျိုးဆက်နဲ့ချီပြီး လုပ်ကိုင်လာကြတဲ့ ရေလုပ်သား မိသားစုတွေ အလုပ်လက်မဲ့ ဖြစ်သွားနိုင်သလို၊ နိုင်ငံခြားဝင်ငွေ အဓိက ရှာဖွေပေးနေတဲ့ ရေထွက်ကုန် တင်ပို့မှုကဏ္ဍလည်း ကြီးကြီးမားမား ထိခိုက်သွားမှာပါ။

ဒါ့အပြင် မြန်မာလူမျိုးတွေရဲ့ နေ့စဉ် ထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ ငါးပိ၊ ငါးခြောက်နဲ့ ငါးဟင်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်လာခဲ့ရင် အခြေခံလူတန်းစားတွေအတွက် အာဟာရပြည့်ဝဖို့ဆိုတာ အိပ်မက်တစ်ခုလို ဖြစ်လာပါလိမ့်မယ်။ တကယ်တမ်းကျတော့ ဒီပြဿနာဟာ ရေလုပ်သားတွေရဲ့ ပြဿနာသက်သက် မဟုတ်ဘဲ တစ်နိုင်ငံလုံးရဲ့ စားနပ်ရိက္ခာ လုံခြုံမှု (Food Security) ကိုပါ ခြိမ်းခြောက်လာမယ့် အန္တရာယ်တစ်ခုပဲ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်း

အုပ်စုလိုက် သေဆုံးနေတဲ့ ငါးတွေ ပေါလောပေါ်နေပြီး အနံ့ဆိုးတွေ ထွက်နေတဲ့ ကမ်းခြေမျိုးမှာ ဘယ်သူကများ အပန်းဖြေချင်ကြမှာလဲ။ Algal Blooms လို့ခေါ်တဲ့ ရေညှိတွေ အဆမတန် ပေါက်ပွားပြီး ရေတွေ ညစ်ပတ်လာတဲ့အခါ ကမ်းခြေရဲ့ သဘာဝအလှအပတွေ ပျက်စီးသွားတတ်ပါတယ်။ ဒီလိုသာ ဖြစ်ခဲ့ရင် ခရီးသွားလုပ်ငန်းကို တိုက်ရိုက် ထိခိုက်စေပါလိမ့်မယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အထင်ကရ ကမ်းခြေတွေဖြစ်တဲ့ ငပလီ၊ ငွေဆောင် နဲ့ ချောင်းသာလို ကမ်းခြေဒေသတွေမှာ ဒီပြဿနာ ကြုံတွေ့လာရရင် ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှု ကျဆင်းသွားမှာပါ။ ဒါဟာ ဟိုတယ်လုပ်ငန်းရှင်တွေအတွက်တင်မကဘဲ ကမ်းခြေကို မှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ ဒေသခံ ဈေးသည်တွေ၊ လမ်းပြတွေနဲ့ အခြေခံ လူတန်းစားတွေရဲ့ စားဝတ်နေရေးကိုပါ ရိုက်ခတ်လာနိုင်ပါတယ်။

နိဂုံး

အတိုချုပ်ပြောရရင် “ Dead Zones” တွေဟာ သဘာဝတရားက ကျွန်တော်တို့ဆီ ပေးပို့လိုက်တဲ့ အရေးပေါ် သတိပေးခေါင်းလောင်းသံပါပဲ။ ဒီပြဿနာဟာ လူသားတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက်၊ ဒီပြဿနာကို ဖြေရှင်းနိုင်သူတွေကလည်း ကျွန်တော်တို့ လူသားတွေသာ ဖြစ်ပါတယ်။

အခြေအနေကို ပြန်လည်ကုစားဖို့အတွက် နည်းလမ်းတွေ ရှိပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ ဓာတုမြေဩဇာ သုံးစွဲမှုကို လျှော့ချပြီး သဘာဝနည်းလမ်းတွေကို ပိုမိုပြောင်းလဲအသုံးပြုတာ၊ စက်ရုံနဲ့ မြို့ပြတွေက ထွက်တဲ့ ရေဆိုးတွေကို ပင်လယ်ထဲ တိုက်ရိုက်မစီးဝင်စေဘဲ စနစ်တကျ သန့်စင်ပြီးမှ စွန့်ပစ်တာမျိုးတွေကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။

အထူးသဖြင့် ရေထွက်သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ရဲ့ အဖိုးတန် ပင်လယ်ပြင်ကြီး “ အသက်မဲ့ဇုန်” အဖြစ် မပြောင်းလဲသွားခင် အခုကတည်းက ကြိုတင်ကာကွယ်မှုတွေ၊ စည်းမျဉ်းစည်းကမ်း ထုတ်ပြန်မှုတွေကို ထိထိရောက်ရောက် လုပ်ဆောင်ရမှာပါ။

သမုဒ္ဒရာ ကျန်းမာမှ ကမ္ဘာမြေ ကျန်းမာမှာဖြစ်သလို၊ ပင်လယ်ပြင် သက်ရှိတွေ ရှင်သန်နိုင်မှ ကျွန်တော်တို့ လူသားတွေလည်း ရေရှည် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပြာရောင် ရေပြင်ကြီးကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ အစိုးရတွေ၊ လုပ်ငန်းရှင်တွေသာမက ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပခုံးပေါ်မှာပါ တင်ရှိနေတဲ့ တာဝန်တစ်ရပ်ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

Related Posts