ကျွန်တော်တို့ လူသားတွေဟာ ဒီကမ္ဘာကြီးပေါ်မှာ သီးသန့်ရပ်တည်နိုင်ကြတာ မဟုတ်ပါဘူး။ Ecosystem ဆိုတာ စက်ယန္တရားကြီးတစ်ခုလိုဖြစ်ပြီး အဲဒီထဲမှာရှိတဲ့ သတ္တဝါတိုင်းက သူတို့နေရာနဲ့သူတို့ အရေးပါတဲ့ ဂီယာလေးတွေလိုမျိုး အလုပ်လုပ်ပေးနေကြတာဖြစ်ပြီး တစ်ခုခုက ချို့ယွင်းသွားတာနဲ့ တစ်ကမ္ဘာလုံးရဲ့ လည်ပတ်မှုစနစ်တစ်ခုလုံးကို ထိခိုက်သွားစေနိုင်ပါတယ်။ တကယ်တော့ ecosystem ကြီးဟာ ကျွန်တော်တို့ သတိမထားမိဘဲ အရေးမပါဘူးလို့ ထင်ရတဲ့ သတ္တဝါတချို့အပေါ်မှာ အများကြီး မှီခိုနေရတာပါ။
လူတော်တော်များများက ကျွန်တော်တို့ ရှူနေတဲ့ အောက်စီဂျင် ကို သစ်ပင်တွေ၊ သစ်တောတွေဆီကပဲ ရတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အမှန်တကယ်တော့ ကျွန်တော်တို့ ရှူနေတဲ့ လေထုရဲ့ အောက်စီဂျင် (၅၀) ရာခိုင်နှုန်းကျော် ဟာ ကုန်းပေါ်က သစ်တောတွေဆီက လာတာမဟုတ်ဘဲ ပင်လယ်သမုဒ္ဒရာထဲကနေ လာတာပါ။ အဲဒီမှာရှိတဲ့ Phytoplankton လို့ခေါ်တဲ့ သေးငယ်လွန်းလို့ မျက်စိနဲ့တောင် မမြင်ရတဲ့ အပင်လေးတွေက ကျွန်တော်တို့ ကမ္ဘာကြီးအတွက် လိုအပ်တဲ့ အောက်ဆီဂျင် အများစုကို ထုတ်ပေးနေတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ထူးဆန်းတာကတော့ အဲဒီအပင်လေးတွေ ရှင်သန်ပွားများဖို့အတွက် ကမ္ဘာပေါ်က အကြီးဆုံး သတ္တဝါကြီးတွေဖြစ်တဲ့ ဝေလငါးတွေဟာ အရမ်းအရေးပါတဲ့ အခန်းကဏ္ဍကနေ ကူညီပေးနေတာပါပဲ။ ရုပ်ရှင်တွေ၊ ဆိုရှယ်မီဒီယာ တွေပေါ်မှာ ဝေလငါးကြီးတွေ ရေမျက်နှာပြင်ပေါ်ကိုတက်လာပြီး ရေတွေမှုတ်ထုတ်တာတွေ့ဖူးကြမှာပါ။ လူတော်တော်များများက ဒီလိုဝေလငါးတွေ ရေမျက်နှာပြင်ပေါ်တက်လာတာက အသက်ရှူဖို့တစ်ခုထဲအတွက်လို့ထင်ကြပါတယ်။ ဒါပေမဲ့ တကယ့်အမှန်မှာတော့ သူတို့တွေဟာ အသက်ရှူတာအပြင် အညစ်အကြေးစွန့်ပစ်တာကိုပါ တစ်ပြိုင်နက်လုပ်နေတာပါ။ ရေနက်ပိုင်းတွေမှာ ရေဖိအားက အရမ်းကိုပြင်းထန်တာကြောင့် အညစ်အကြေးစွန့်ပစ်ဖို့ မလွယ်ကူပါဘူး။ ဒါ့ကြောင့် သူတို့တွေက ဆီးသွားအလေးသွားချိန်ရောက်ရင် ရေဖိအားနည်းတဲ့ ရေမျက်နှာပြင်အပေါ်တက်လာကြပါတယ်။ ဒီစွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေက Phytoplankton တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်နဲ့ နိုက်ထရိုဂျင်ဓာတ်တွေပါတဲ့ မြေသြဇာတွေ ဖြစ်လာပါတယ်။ ဒါကို “ Whale Pump” လို့ ခေါ် ပြီး ဝေလငါးတွေက ပင်လယ်သမုဒ္ဒရာအနှံ့မှာ ကူးခတ်ရင်း အောက်ဆီဂျင်ထုတ်ပေးတဲ့ ဒီအပင်လေးတွေကို အစာကျွေးနေကြတာပါ။
ဒါတင်မကသေးပါဘူး၊ ဝေလငါးတွေဟာ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေတဲ့ Carbon Dioxide တွေကိုလည်း သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ တန်ပေါင်းများစွာ စုပ်ယူ သိုလှောင်ပေးထားပါသေးတယ်။ ဝေလငါးတစ်ကောင်ဟာ သစ်ပင်ပေါင်းထောင်ချီစုပ်ယူရတဲ့ ကာဘွန်ပမာဏကို သိုလှောင်ပေးနိုင်တဲ့အတွက် သူတို့ကို သဘာဝရဲ့ အရေးအပါဆုံး Carbon Sinks တွေထဲက တစ်မျိုးလို့သတ်မှတ်ထားပါတယ်။ သူတို့ အသက်ရှင်နေတုန်းမှာ လေထုထဲက ကာဘွန်တွေကိုစုပ်ယူပေးပြီး ကမ္ဘာ့အပူချိန်ကို လျှော့ချပေးသလို သူတို့ သေဆုံးသွားတဲ့အခါမှာလည်း အဲဒီ ကာဘွန်တွေကို သမုဒ္ဒရာ ကြမ်းပြင်အောက်ထဲအထိ ယူဆောင်သွားပြီး နှစ်ပေါင်း ရာနဲ့ချီ သိမ်းဆည်းပေးထားတာကြောင့် ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဉတုပြောင်းလဲမှု စတာတွေ ကို အများကြီး ဟန့်တားပေးပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ လူသားတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် ဒီအရမ်းကိုအရေးကြီးတဲ့ သံသရာကြီးဟာ ပျက်စီးလုနီးပါးဖြစ်နေပါပြီ။ ပင်လယ်ထဲကို ပလတ်စတစ်တွေ စွန့်ပစ်တာ၊ ဝေလငါးတွေကို အလွန်အကျွံ ဖမ်းဆီးတာနဲ့ သင်္ဘောတွေနဲ့ တိုက်မိတာတွေကြောင့် ဝေလငါးအကောင်ရေဟာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာနေပါတယ်။ ဝေလငါးတွေ ပျောက်ကွယ်သွားတာဟာ သမုဒ္ဒရာကြီး သေဆုံးသွားတာနဲ့ အတူတူပါပဲ။ သမုဒ္ဒရာ ပျက်စီးသွားရင် အောက်ဆီဂျင် ထုတ်ပေးတဲ့ Phytoplankton လေးတွေလည်း မရှင်သန်နိုင်တော့ဘဲ ကျွန်တော်တို့ လူသားတွေလည်း အသက်ဆက်ရှင်ဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။
ဒီတော့ ဝေလငါးတွေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ တကယ်တော့ သူတို့ကိုသနားတာတစ်ခုထဲကြောင့် ကယ်တင်နေတာမျိုးတင် မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အသက်ရှူနေတဲ့ အောက်စီဂျင်ရရှိဖို့နဲ့ ရာသီဥတုကို ထိန်းညှိဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင်ရဲ့ အနာဂတ်တွေကို ကာကွယ်နေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လူနေမှုပုံစံ တွေကို ပြောင်းလဲပြီး သဘာဝတရားကို တန်ဖိုးထားတဲ့အခါမှ နောက်မျိုးဆက်တွေအတွက် ကျန်းမာတဲ့ ကမ္ဘာကြီးကို လက်ဆင့်ကမ်းပေးနိုင်မှာ ဖြစ်ပါတယ်။





