TOEFL စာမေးပွဲက အရင်လို ၃ နာရီကြာ မဟုတ်တော့ဘူးဆိုတာ သိပြီးပြီလား။ ဖြေဆိုချိန် မိနစ် ၉၀ သာကြာမယ့် စနစ်သစ်၊ Band 1 to 6 အမှတ်ပေးပုံစံနဲ့ AI အင်တာဗျူးတွေအထိ ပါဝင်လာတဲ့ သိထားသင့်တဲ့ အပြောင်းအလဲတွေ ရှိပါတယ်။
TOEFL ဟာ နိုင်ငံခြားမှာ ကျောင်းတက်မယ့်သူတွေ၊ အထူးသဖြင့် အင်္ဂလိပ်ဘာသာနဲ့ သင်ယူရတဲ့ တက္ကသိုလ်တက်မယ့်သူတွေ ဖြေဆိုလေ့ရှိတဲ့ စာမေးပွဲ တစ်ခုဖြစ်ပါတယ်။ TOEFL စာမေးပွဲရမှတ်ကို ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၁၆၀ ကျော်က တက္ကသိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၁၃,၀၀၀ ကျော်မှာ အသိအမှတ်ပြု လက်ခံထားပါတယ်။အစကတော့ ဒီစာမေးပွဲကို “ TOEFL” လို့ပဲ ခေါ်ခဲ့ပေမဲ့ iBT စနစ်ပေါ်လာပြီးနောက်ပိုင်း “ TOEFL iBT” လို့ ပိုမိုလူသိများလာပါတယ်။ နှစ်စဉ် ကျောင်းသားပေါင်း သန်းနဲ့ချီပြီး ဖြေဆိုကြပြီး ကမ္ဘာပေါ်မှာ အင်္ဂလိပ်စာစစ်ဆေးမှုတွေထဲမှာ အယုံကြည်ရဆုံး စာမေးပွဲတစ်ခု ဖြစ်ပါတယ်။ TOEFL ဟာ ကမ္ဘာတစ်ဝှမ်းမှာ အသိအမှတ်ပြုခံရပေမဲ့ အမေရိကန်၊ ကနေဒါ နဲ့ UK လိုနိုင်ငံတွေမှာ အဓိက စံနှုန်းတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။
နိုင်ငံခြားမှာ ပညာသင်ယူဖို့ TOEFL စာမေးပွဲအတွက် ပြင်ဆင်နေသူတွေ အတွက် ဒီသတင်းဟာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုဖြစ်နိုင်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် ကနေ စတင်ပြီး ETS (Educational Testing Service) က TOEFL iBT စာမေးပွဲကို ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံး ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။
အကြီးမားဆုံး ပြောင်းလဲမှုကတော့ ယခင် ၀ မှ ၁၂၀ အမှတ်ပေးစနစ်အစား Band 1.0 မှ 6.0 စနစ် (0.5 တိုး၍ သတ်မှတ်သောစနစ်) ကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။
တက္ကသိုလ်တွေ အတွက်ကတော့ လာမယ့် ၂ နှစ် (၂၀၂၈ ထိ) အမှတ်စာရင်းမှာ အမှတ်ဟောင်း (0-120) နဲ့ Band အသစ် နှစ်မျိုးလုံးကို ပြသပေးသွားမှာ ဖြစ်ပါတယ်။
၂။ ဖြေဆိုချိန် ပိုမိုတိုတောင်းလာခြင်း (၉၀ မိနစ်)
ယခင်က ၃ နာရီနီးပါး ကြာမြင့်တဲ့ စာမေးပွဲကို အခုအခါ မိနစ် ၉၀ (တစ်နာရီခွဲ) သာ ဖြေဆိုရတော့မှာ ဖြစ်ပါတယ်။ ဖြေဆိုချိန် တိုတောင်းသွားတဲ့အတွက် ယခင်ရှိခဲ့တဲ့ ၁၀ မိနစ် နားချိန် (Break) ကိုလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

၃။ Adaptive Testing စနစ်သစ်
Reading နဲ့ Listening အပိုင်းတွေမှာ ပိုမိုခေတ်မီတဲ့ Adaptive System ကို အသုံးပြုထားပါတယ်။ ဒါဟာ သင်ဖြေဆိုတဲ့ ပထမပိုင်းမှာ အဖြေမှန်ရင် ဒုတိယပိုင်းမှာ မေးခွန်းပိုခက်လာမှာဖြစ်ပြီး၊ အဖြေမှားရင် မေးခွန်းပိုလွယ်သွားမယ့်စနစ် ဖြစ်ပါတယ်။ ဒါဟာ ဖြေဆိုသူရဲ့ အရည်အချင်းကို အချိန်တိုအတွင်း ပိုမိုတိကျစွာ တိုင်းတာနိုင်ဖို့ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။
၄။ လက်တွေ့ပိုဆန်လာတဲ့ မေးခွန်းပုံစံများ
အက်ဆေးရှည်ကြီးတွေ ရေးရတဲ့ပုံစံထက် တက္ကသိုလ်နယ်မြေမှာ တကယ်အသုံးပြုရမယ့် ပုံစံတွေကို ပြောင်းလဲစစ်ဆေးလာပါတယ်။ နောက်ထပ် အရေးပါတဲ့ အပြောင်းအလဲ တခုကတော့ AI ကို အသုံးချလာတာဖြစ်ပါတယ်။
Speaking – AI နဲ့ အင်တာဗျူးဖြေဆိုရတဲ့ “ Virtual Interview” ပုံစံအသစ် ပါဝင်လာပါတယ်။
Writing – အီးမေးလ်ရေးသားခြင်း (Write an Email) နဲ့ ဝါကျတည်ဆောက်ခြင်း (Build a Sentence) ကဲ့သို့ လက်တွေ့ကျတဲ့ မေးခွန်းတွေ ပါဝင်လာပါတယ်။
၅။ ရလဒ်ကို ၇၂ နာရီအတွင်း သိရှိနိုင်ခြင်း
အရင်က ရလဒ်သိဖို့ တစ်ပတ်နီးပါး စောင့်ခဲ့ရပေမဲ့ အခုတော့ စာမေးပွဲဖြေပြီး ၇၂ နာရီ (၃ ရက်) အတွင်းမှာတင် တရားဝင် ရမှတ်ကို သိရှိနိုင်တော့မှာဖြစ်လို့ Deadline နီးကပ်နေတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေစေပါတယ်။




