လုပ်ငန်းတစ်ခု စတော့မယ်၊ ဒါမှမဟုတ် Project တစ်ခု လုပ်တော့မယ်ဆိုရင် Idea ကတော့ ရှယ်ပဲ၊ ဒါကတော့ ပေါက်မှာ သေချာတယ်ဆိုပြီး ယုံကြည်ချက်တွေ အပြည့်နဲ့ စတင်တတ်ကြတာ လူတိုင်းရဲ့ သဘာဝပါ။ ဒါပေမဲ့ တကယ့် ပြင်ပ စီးပွားရေးလောကမှာ တစ်ခု သတိထားရမှာက Idea တွေက အချက်အလက် (Facts) တွေ မဟုတ်ဘူး ဆိုတာပါပဲ။
ဒီနေရာမှာ မရှိမဖြစ် လိုအပ်လာတာက Hypothesis-Driven Design (HDD) ဆိုတဲ့ စနစ်တကျ စဉ်းစားတွေးခေါ်တဲ့ နည်းလမ်းဖြစ်ပါတယ်။
ရိုးရိုးရှင်းရှင်း ပြောရရင် HDD ဆိုတာ “ ကိုယ့်ရဲ့ Idea ကို အမှန်တရားလို့ မသတ်မှတ်ဘဲ “ စမ်းသပ်ရမယ့် အယူအဆတစ်ခု” (Hypothesis) အနေနဲ့ပဲ ကြည့်တာဖြစ်ပါတယ်။
ဥပမာ – ဒီအပလီကေးရှင်းမှာ ဒီ ခလုတ်လေးကို အနီရောင်ပြောင်းလိုက်ရင် လူတွေနှိပ်တာ ပိုများလာမှာပဲ လို့ တွေးမိတာမျိုးဖြစ်ပါတယ်။ ဒါဟာ အမှန်တရား မဟုတ်သေးပါဘူး၊ စမ်းသပ်ရမယ့် အယူအဆ အဆင့်ပဲ ရှိပါသေးတယ်။
အကြံဉာဏ် တွေကို Fact လို့ မယူဆသင့်တာလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောရရင် လူတိုင်းမှာ Cognitive Bias (ပင်ကိုယ်အစွဲ) တွေ ရှိတတ်ကြပါတယ်။ ကိုယ့် အကြံမို့လို့ ကိုယ်က ကောင်းတယ်လို့ ထင်နေတာမျိုးပါ။ ဒါပေမဲ့ ကိုယ်ရည်ရွယ်တဲ့ Market တွေ၊ လူတွေက တကယ်တမ်း ဒါကို လိုချင်မှ လိုချင်မှာဖြစ်ပါတယ်။
ဒီ HDD နည်းလမ်းရဲ့ အားသာချက်တွေ အများကြီး ရှိပါတယ်။ မသေချာတဲ့ Idea တစ်ခုကို လနဲ့ချီ အကောင်အထည်ဖော်မယ့်အစား အရင်ဆုံး စမ်းသပ်ကြည့်လိုက်တဲ့အတွက် အချိန်ကုန် သက်သာစေတယ်။ ကိုယ့် လုပ်ဆောင်ချက်တွေဟာလည်း Data-Driven ဖြစ်လာပါမယ်။ စိတ်ခံစားချက်ထက် အချက်အလက်ကို ကြည့်ပြီး ဆုံးဖြတ်ချက် ချတတ်လာပါမယ်။
HDD ကို သုံးတော့မယ်ဆိုရင် ဒီ ပုံစံအတိုင်း စဉ်းစားကြည့်လို့ရပါတယ်။
“ ငါတို့က [ဒီအရာ] ကို လုပ်လိုက်ရင်၊ [ဒီလူတွေ] အတွက် [ဒီလိုရလဒ်] ထွက်လာမယ်လို့ ယုံကြည်တယ်။ ဒါဟာ မှန်မမှန်ကို [ဒီအချက်အလက်] နဲ့ တိုင်းတာပြီး ဆုံးဖြတ်မယ်။”
ဥပမာ: “ ငါတို့က Product ရဲ့ ဈေးနှုန်းကို ၅% လျှော့ချလိုက်ရင်၊ ကျောင်းသားတွေ ပိုပြီး ဝယ်ကြလိမ့်မယ် လို့ ထင်တယ်။ ဒါ မှန်မမှန်ကို တစ်ပတ်အတွင်း ရောင်းအား တက်မတက် ကြည့်ပြီး ဆုံးဖြတ်ကြည့်မယ်။
ခန့်မှန်းချက်တွေနဲ့ လောင်းကစားလို လုပ်တာ မျိုးမဟုတ်ပဲ စနစ်တကျ စမ်းသပ်မှုတွေ လုပ်သွားခြင်းအားဖြင့် ဆုံးရှုံးနိုင်ခြေ နည်းနည်းနဲ့ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။





