ပင်လယ်ကမ်းခြေတစ်ခုမှာ ရေကူးနေရင်း ရုတ်တရက် ကျောချမ်းပြီး စိတ်မသန့်စရာကောင်းတဲ့ feeling တစ်ခုကို ရဖူးပါသလား။ “ရေအောက်ကနေ ငါးမန်းအကြီးကြီးတစ်ကောင် ထွက်လာပြီး ငါ့ကိုကိုက်စားသွားရင် ဘယ်လိုလုပ်မလဲ” ဆိုပြီးတွေးမိကောင်းတွေးဖူးမှာပါ။ ရုပ်ရှင်တွေထဲမှာဆို ငါးမန်းတွေက အစွယ်ကြီးတွေနဲ့ ရန်လိုပြီး ကြောက်စရာကောင်းတာကိုး။ ဒီလိုရုပ်ရှင်တွေနဲ့ မီဒီယာတွေရဲ့ ပုံဖော်မှုတွေကြောင့် ငါးမန်းဆိုတာနဲ့ လူသားတွေကို အငြိုးတကြီး လိုက်လံစားသောက်တတ်တဲ့ monster လို့ ကျွန်တော်တို့ အမှတ်မှားနေတတ်ကြပါတယ်။
ဒါပေမဲ့ တကယ်တမ်းကျတော့ ငါးမန်းတွေက ကျွန်တော်တို့ ထင်ထားသလို ကြောက်စရာမကောင်းပါဘူး။ သူတို့ဟာ ကမ္ဘာပေါ်မှာ အထင်လွဲခံရဆုံး သတ္တဝါတွေထဲက တစ်မျိုးပါ။ ဒီနေ့မှာတော့ ငါးမန်းတွေနဲ့ ပတ်သက်တဲ့ အမှန်တရားတချို့ကို ပြောပြချင်ပါတယ်။
ငါးမန်းတွေက လူတွေကို စားချင်တာ မဟုတ်ပါဘူး
အမှန်ကတော့ ငါးမန်းတွေရဲ့ အစားအစာ စာရင်းထဲမှာ လူသားတွေ မပါပါဘူး။ သူတို့ဟာ ငါးတွေ၊ ပင်လယ်ဖျံတွေနဲ့ အခြား ရေနေသတ္တဝါတွေကိုပဲ အဓိက စားသုံးကြတာဖြစ်ပါတယ်။ ငါးမန်းတွေက လူကို ကိုက်တယ်ဆိုတာ အများအားဖြင့် အမြင်လွဲမှားတာ (Mistaken Identity) ကြောင့်သာ ဖြစ်လေ့ရှိပါတယ်။
အမြင်လွဲမှားတာကို ဥပမာပေးရမယ်ဆိုရင် ရေလွှာလျှောစီး (Surfing) လုပ်နေတဲ့ လူတစ်ယောက်ကို ရေအောက်ကနေ လှမ်းကြည့်လိုက်တဲ့အခါ ပင်လယ်ဖျံတို့၊ လိပ်တို့နဲ့ ပုံစံတူနေတတ်ပါတယ်။ ငါးမန်းတွေက အမြင်အာရုံသိပ်မကောင်းကြတော့ စမ်းသပ်တဲ့အနေနဲ့ “ ဟိုဟာက ဘာလေးလဲ” ဆိုပြီး အသာလေး ကိုက်ကြည့်ရုံပါ။ ကိုက်ကြည့်လိုက်လို့ အရိုးတွေများပြီး အဆီမပါတဲ့ အရာတစ်ခုမှန်း သိသွားတဲ့အခါ လူတွေကို ပြန်လွှတ်ပေးပြီး ထွက်သွားလေ့ရှိပါတယ်။ ကံမကောင်းချင်တော့ ငါးမန်းတွေရဲ့ ကိုက်ချက်က အရမ်းပြင်းထန်တဲ့အတွက် တစ်ချက်ကိုက်ရုံနဲ့တင် လူတွေအတွက် အသက်အန္တရာယ် ထိခိုက်သွားနိုင်တာပါပဲ။
ငါးမန်းကြောင့်နှစ်စဉ် သေဆုံးသူဉီးရေ
ကမ္ဘာပေါ်မှာ ငါးမန်းကိုက်လို့ သေဆုံးရသူ အရေအတွက်က တကယ်တမ်းမှာ အင်မတန် နည်းပါးပါတယ်။ စာရင်းဇယားတွေအရ တစ်နှစ်ကို ငါးမန်းကြောင့် သေဆုံးရသူက (၁၀) ယောက် ဝန်းကျင်လောက်ပဲ ရှိပါတယ်။ အခြာားဖြစ်ရပ် တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ခြင်ကိုက်လို့ ရောဂါရပြီး သေဆုံးသူက တစ်နှစ်ကို သန်းနဲ့ချီ ရှိပါတယ်။ ခွေးကိုက်ခံရလို့ သေဆုံးသူက တစ်နှစ်ကို (၃၀,၀၀၀) နီးပါးရှိပါတယ်။ အုန်းသီး ခေါင်းပေါ်ပြုတ်ကျလို့ သေဆုံးရသူ အရေအတွက်ကတောင် ငါးမန်းကိုက်လို့ သေဆုံးရသူထက် ပိုများပါသေးတယ်။
ဒါကြောင့် ပင်လယ်ထဲ ဆင်းလိုက်တာနဲ့ ငါးမန်းကိုက်ခံရမယ်ဆိုတာက တကယ်တော့ ဖြစ်နိုင်ခြေ အတော်လေးနည်းပါးပါတယ်။
ဘယ်သူက ဘယ်သူ့ကို သတ်နေတာလဲ?
တကယ့် ဝမ်းနည်းစရာကောင်းတဲ့ အချက်ကတော့ ငါးမန်းတွေက လူတွေကို သတ်နေတာ မဟုတ်ပဲ လူသားတွေကသာ ငါးမန်းတွေကို ပြန်သတ်နေတာပါ။ တရုပ်နိုင်ငံက ငါးမန်းတောင် ဟင်းချို (Shark Fin Soup) အတွက်နဲ့ တခြားအကြောင်းပြချက် အမျိုးမျိုးကြောင့် တစ်နှစ်ကို ငါးမန်းကောင်ရေ သန်းပေါင်း (၁၀၀) လောက် သတ်ဖြတ်ခံနေရပါတယ်။ ငါးမန်းတွေကို ဖမ်း၊ ဆူးတောင်တွေကို ဖြတ်ယူပြီး ငါးမန်းအကောင်လိုက်ကြီးကို ပင်လယ်ထဲ ပြန်ပစ်ချကြတဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် ငါးမန်းမျိုးစိတ် တော်တော်များများဟာ မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။

ပင်လယ်ပြင်အတွက် ငါးမန်းတွေက အရေးပါပါတယ်။
“ ငါးမန်းတွေ မရှိတော့ရင် ကောင်းတာပေါ့၊ ရေကူးရတာ စိတ်ချရတာပေါ့” လို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။ ဒါပေမဲ့ ငါးမန်းတွေမရှိရင် ကျွန်တော်တို့ရဲ့ ပင်လယ်ပြင်ဂေဟစနစ်ကြီး တစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။ ငါးမန်းတွေဟာ ပင်လယ်ပြင်ရဲ့ ထိပ်တန်းအမဲလိုက်သတ္တဝါ (Apex Predators) တွေ ဖြစ်ကြပြီး သူတို့စာ မကျန်းမာဖြစ်နေ/ ရောဂါရနေတဲ့ ငါးတွေ၊ အားနည်းတဲ့ ငါးတွေကို စားသုံးပေးခြင်းအားဖြင့် ငါးအုပ်တွေကို ကျန်းမာသန်စွမ်းစေသလို၊ အခြား အသားစားသတ္တဝါတွေကိုလည်း အရေအတွက် မများလွန်းအောင် ထိန်းညှိပေးထားပါတယ်။ အကယ်၍ ငါးမန်းတွေသာ မရှိတော့ရင် တခြား အလယ်အလတ်တန်းစား အသားစားသတ္တဝါတွေဖြစ်တဲ့ လိပ်တွေ၊ ငါးလိပ်ကျောက်တွေနဲ့ တခြားငါးမျိုးစိတ်တွေက အကောင်ရေတွေ အဆမတန်တိုးပွားလာပြီးတော့ ငါးသေးသေးလေးတွေအတွက် ပြဿနာဖြစ်မှာပါ။ ဒီလိုဆို ပင်လယ်ရေအောက်ဂေဟစနစ်က ပျက်စီးသွားနိုင်ပါတယ်။
နိဂုံး
ငါးမန်းတွေဟာ သွေးဆာနေတဲ့ လူသတ်ကောင်တွေ မဟုတ်ပါဘူး။ သူတို့ဟာ လူတွေမဖြစ်ပေါ်လာခင် နှစ်သန်းပေါင်းများစွာကတည်းက တည်ရှိပြီး သဘာဝတရားအတွက် အလွန်အရေးပါတဲ့ သတ္တဝါကြီးတွေ ဖြစ်ပါတယ်။ အခုအချိန်မှာ သူတို့ကို ကြောက်ရွံ့နေမယ့်အစား သူတို့ရဲ့ ရှင်သန်ရပ်တည်မှုအတွက်တောင် ဝိုင်းဝန်းကာကွယ်ပေးဖို့ လိုအပ်နေပါပြီ။ ဒီသဘာဝလောကကြီးထဲမှာ ရှိရှိသမျှ သတ္တဝါတွေကို ဒုက္ခရှာနေပြီး ကိုယ့်ကိုယ်ကိုတာဝန်မယူဘဲ တခြားသူကိုပဲ လက်ညွှန်းထိုးတတ်တဲ့ တကယ့် villain တွေကတော့ ကျွန်တော်တို့လူသားတွေပါပဲ။
Oatara





