ဆိုဖာရွှေ့ခြင်း ပြဿနာကို ဖြေရှင်းပြခဲ့တဲ့ ကိုရီယားလူမျိုးသင်္ချာပညာရှင်

ဆိုဖာရွှေ့တဲ့ပြဿနာကို အိမ်ပြောင်းဖူးတဲ့သူတိုင်း ဒါမှမဟုတ် ပရိဘောဂတွေ ရွှေ့ဖူးတဲ့သူတိုင်း ကြုံဖူးပါလိမ့်မယ်။ အိမ်ခန်းထဲကို ဆိုဖာ၊ ဗီရို၊ စားပွဲခုံ စတာတွေ သွင်းချင်ပေမယ့် လျှောက်လမ်းကြားထဲမှာ ဆိုဖာက ပိတ်နေတာမျိုး၊ ထောင့်ချိုးမှာ လှည့်မရတာမျိုး ဖြစ်ပါတယ်။ လက်တွေ့ဘဝမှာ အနေအထားအရ ကြည့်ပြီး ဖြေရှင်းရတဲ့ ကိစ္စဖြစ်ပေမယ့် သင်္ချာပညာရှင်တွေအတွက်တော့ ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် အဖြေရှာမရသေးတဲ့ Moving Sofa Problem ဆိုတဲ့ နာမည်ကျော် ပဟေဠိတစ်ခု ဖြစ်ခဲ့ပါတယ်။ ကိုရီးယားလူမျိုး သင်္ချာပညာရှင် တစ်ယောက်ကတော့ မကြာသေးခင်ကပဲ ဒီပြဿနာကို သင်္ချာနည်းအရဖြေရှင်းပြခဲ့ပါတယ်။

ဆိုဖာရွှေ့ခြင်း ပြဿနာ (Moving Sofa Problem ) ကို ၁၉၆၆ ခုနှစ်မှာ သင်္ချာပညာရှင် Leo Moser က စတင် တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် မေးခွန်းက ရိုးရိုးလေးပါ။

“ အကျယ် ၁ လက်မရှိတဲ့ အယ်လ်ပုံစံ (L-shaped) လမ်းကြားတစ်ခုကနေ သယ်သွားလို့ရမယ့် အကြီးဆုံးသော ဧရိယာ (Area) ရှိတဲ့ ပုံသဏ္ဍာန်က ဘာဖြစ်မလဲ”

ဒီမေးခွန်းအတွက် ပထမဆုံး ထွက်လာခဲ့တဲ့ အဖြေ ကတော့ ယူနစ် နှစ်ထပ်ကိန်း (The Unit Square) ဖြစ်ပါတယ်။ အလွယ်ဆုံး စဉ်းစားရင်တော့ ၁ လက်မ ပတ်လည်ရှိတဲ့ စတုရန်းပုံစံ ဆိုဖာတစ်ခုဟာ အဲ့ဒီလမ်းကြားကနေ အေးဆေး ဖြတ်သွားနိုင်ပါတယ်။ ဒါဆိုရင် သူ့ရဲ့ ဧရိယာက 1 x 1 = 1 ပါ။ ဒါပေမယ့် ဒါထက် ပိုကြီးတာကို ရှာလို့ရပါသေးတယ်။

Hammersley ရဲ့ ဆိုဖာ (The Hammersley Sofa)

သင်္ချာပညာရှင် John Hammersley ကတော့ စတုရန်းပုံထက် ပိုကြီးတဲ့ ပုံစံတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ သူက ဆိုဖာကို ထောင့်မှန်စတုဂံ ၂ ခုကို တစ်ဝက်စီခွဲပြီး ကြားထဲမှာ စက်ဝိုင်းခြမ်းလေး တစ်ခု ထည့်လိုက်တာပါ။ ဒါကို Hammersley’s Sofa လို့ ခေါ်ပါတယ်။ ဒီဆိုဖာရဲ့ ဧရိယာက ၂.၂၀၇၄ ခန့် ရှိပါတယ်။ ဒါဟာ စတုရန်းပုံထက် နှစ်ဆကျော် ပိုကြီးသွားတာပါ။ အိမ်မှာရွှေ့တဲ့အခါတော့ ဆိုဖာကို မခွဲပါနဲ့နော်။

Gerver ရဲ့ ဆိုဖာ (The Gerver Sofa)

၁၉၉၂ ခုနှစ်မှာ သင်္ချာပညာရှင် Joseph Gerver က Hammersley ရဲ့ ပုံစံကို ထပ်ပြီး အချောသတ်ခဲ့ပါတယ်။ သူက ကွေ့တဲ့နေရာမှာ ပိုပြီး ချောမွေ့အောင် မျဉ်းကွေး (curves) ၁၈ ခုနဲ့ ပုံဖော်ခဲ့တာပါ။ ဒီဆိုဖာရဲ့ ဧရိယာက 2.2195 ယူနစ်လောက် ရှိပါတယ်။ ၂၀၂၅ ခုနစ်အထိ ဒီအဖြေဟာ အကြီးဆုံး ဧရိယာအဖြစ် သတ်မှတ်ထားရဆဲဖြစ်ပေမယ့် ဒီထက်ပိုကြီးတဲ့ ဧရိယာကို ဘယ်သူမှ သင်္ချာနည်းအရ သက်သေမပြနိုင်ခဲ့ပါဘူး။

ဒီပြဿနာကို ကိုရီးယားနိုင်ငံ၊ ယွန်ဆေးတက္ကသိုလ်က သုတေသနပညာရှင် Baek Jin-eon ကနေ ဖြေရှင်းပြခဲ့ပါတယ်။ အသက် ၃၁ နှစ်သာ ရှိသေးတဲ့ Baek Jin-eon ရဲ့ဖြေရှင်းချက်ဟာ သမိုင်းဝင်ဖြစ်သွားပါတယ်။ သူ့ဖြေရှင်းချက်ကို Scientific American မဂ္ဂဇင်းကနေ ၂၀၂၅ ခုနှစ်ရဲ့ သင်္ချာပညာရပ်ဆိုင်ရာ အဆန်းသစ်ဆုံးအရာ ၁၀ ခုထဲက တစ်ခုအနေနဲ့ ဖော်ပြခံခဲ့ရပါတယ်။

ဒီပြဿနာက ရိုးရိုးသာမန် လို့ ထင်ရပေမယ့် Geometry (ဂျီသြမေတြီ) နဲ့ Optimisation (အကောင်းဆုံး အခြေအနေ ရှာဖွေခြင်း) နယ်ပယ်တွေမှာ အရမ်းအရေးပါပါတယ်။ ဒါကို ဖြေရှင်းနိုင်ရင် စက်ရုံတွေမှာ စက်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့အခါ လမ်းကြောင်းစီစဉ်တာ (Path Planning) နဲ့ စက်ရုပ်တွေရဲ့ လှုပ်ရှားမှုကို တွက်ချက်တဲ့နေရာတွေမှာ အသုံးချလို့ ရနိုင်ပါတယ်။

Related Posts