,

စာလေ့လာတဲ့အခါ အချိန်ကို ဘယ်လိုစီမံခန့်ခွဲကြမလဲ

တက္ကသိုလ်၊ ကောလိပ် တက်ကြတဲ့အခါ အချိန်ကို အကျိုးရှိအောင် စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းဟာ အရမ်းအရေးပါတဲ့ အရည်အချင်းတစ်ခုဖြစ်သလို အလုပ်ခွင်ဝင်ရောက်တဲ့အခါလည်း အသုံးဝင်ပါတယ်။ အတန်းတက်၊ ကိုယ်ပိုင် စာလေ့လာတဲ့အချိန်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ လည်ပတ် ဒါတွေ အကုန်ကို ဟန်ချက်ညီညီ လုပ်နိုင်ဖို့ဆိုရင် အချိန်ကို စီမံခန့်ခွဲတတ်မှ ရပါမယ်။ ဒီ ဆောင်းပါးမှာအချိန်ကို စီမံခန့်ခွဲနိုင်ဖို့ နည်းလမ်းတချို့ကို ဖော်ပြထားပါတယ်။

၁။ ဒစ်ဂျစ်တယ် ပြက္ခဒိန် သို့မဟုတ် Online Calendar

အချိန်နီးကပ်မှ ကျောင်းပရောဂျက်အတွက် လုပ်တာမျိုးကို ရှောင်ရှားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ Online Calendar တစ်ခု ဆွဲထားခြင်းဖြစ်ပါတယ်။

Deadlines, စာမေးပွဲတွေ, လူမှုရေးအရသွားရမယ့်ပွဲတွေ သူငယ်ချင်းတွေနဲ့ ချိန်းဆိုထားတာတွေ အတွက် ကြိုပြီး အစီအစဉ်ချထားနိုင်ဖို့ Online Calendar ကို သုံးလို့ရပါတယ်။

သုံးရလွယ်ကူပြီး အခမဲ့ အသုံးပြုနိုင်တဲ့ Calendar တွေကတော့ Google Calendar နဲ့ Outlook Calendar တို့ပဲ ဖြစ်ပါတယ်။

၂။ အချိန်ဇယား

အချိန်ဇယားကတော့ Calendar နဲ့တူပေမယ့် ပိုပြီး အသေးစိတ်ပါတယ်။ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ အရာတွေကို ချရေးထားရမှာပါ။ ဒီလို အချိန်တွေကို block လုပ်ပြီး သတ်မှတ်ထားခြင်းအားဖြင့် မလိုအပ်ပဲ အချိန်ကုန်တာမျိုး မဖြစ်ပဲ အရေးကြီးတဲ့ ကိစ္စတွေကို ဦးစားပေးလုပ်နိုင်တဲ့ အတွက် အရမ်းအသုံးဝင်ပါတယ်။ အချိန်ဇယားထဲမှာ ဘယ်နေ့မှာ ဘယ်ခေါင်းစဉ်ကို လေ့လာမယ်၊ လေ့ကျင့်မယ် ဆိုတာမျိုးတွေအထိ အသေးစိတ်ရေးသားနိုင်တဲ့ အတွက်ကြောင့် commitment ရှိတဲ့ အလေ့အကျင့်ကို ပျိုးထောင်နိုင်ပါတယ်။

၃။ ၈၀/၂၀ နည်းလမ်း

၈၀/၂၀ နည်းလမ်းကို ပြဿနာဖြေရှင်းတဲ့ နည်းလမ်းအဖြစ်လူသိများပေမယ့် အချိန်စီမံခန့်ခွဲတဲ့အခါ လည်း အသုံးပြုကြပါတယ်။ ဒီနည်းလမ်းက အရေးကြီးတာကို ဦးစားပေးလုပ်တတ်အောင် ကူညီပေးပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အလုပ်ရဲ့ ၂၀ ရာခိုင်နှုန်းက ရလဒ်ရဲ့ ၈၀ ရာခိုင်နှုန်းအထိ အကျိုးရှိမယ် ဆိုရင် ဒီအလုပ်ကို လုပ်ရမယ် ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။

၈၀/၂၀ နည်းလမ်းကို အသုံးပြုပုံ

(က) ဖြေရှင်းရမယ့် ပြဿနာတွေ၊ လုပ်ရမယ့်အလုပ်တွေကို ချရေး၊ စာရင်းလုပ်ပါ။

(ခ) ဒီပြဿနာတွေဖြစ်ရတဲ့ အကြောင်းရင်းကိုရှာပါ။

(ဂ) ပြဿနာတစ်ခုချင်းစီ၊ အလုပ်တစ်ခုချင်းစီကို အစဉ်လိုက်စီကြည့်ပါ၊ တနည်းအားဖြင့် အရေးကြီးဆုံးပြဿနာတွေကို ဂဏန်းတစ်ခုစီ ပေးကြည့်ပါ။ (ဂဏန်းပမာဏ အကြီးဆုံးက အရေးကြီးဆုံး)

(ဃ) ပြဿနာဖြစ်ရတဲ့အကြောင်းရင်းတွေပေါ်လိုက်ပြီး အုပ်စုခွဲကြည့်ပါ။ လုပ်ရမယ့်အလုပ်တွေ တူရာတူရာစုကြည့်ပါ။ ပြီးတော့ ဒီအုပ်စုထဲက ပြဿနာတွေ၊ လုပ်ရမယ့် အလုပ်တွေရဲ့ ဂဏန်းတွေကို ပေါင်းကြည့်ပါ။

(င) အကြီးဆုံးနံပါတ်က အရေးကြီးဆုံး လုပ်ရမယ့် ကိစ္စလို့ ယေဘုယျ ယူဆလို့ရပါတယ်။

Related Posts