, ,

Grok AI နဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေး

AI (Artificial Intelligence) နည်းပညာဟာ နေ့စဉ်ဘဝထဲကို ဝင်ရောက်လာနေပါတယ်။ Elon Musk ရဲ့ xAI ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Grok AI ဟာ လူငယ်တွေနဲ့ ကျောင်းသူကျောင်းသားတွေအတွက် တကယ်ပဲ ဘေးကင်းလုံခြုံမှု ရှိရဲ့လားဆိုတဲ့ မေးခွန်းမျိုးတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ Common Sense Media လိုမျိုး ကလေးသူငယ်နဲ့ နည်းပညာ ဘေးကင်းလုံခြုံရေးကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေက Grok AI နဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာချက်အရ Grok ဟာ အခြား AI တွေထက်စာရင် စည်းကမ်းသတ်မှတ်ချက်တွေ အားနည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဥပမာ – Grok ရဲ့ ပုံရိပ်ဖော်စနစ် (Image Generator) ကို အသုံးပြုပြီး အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ ပုံတွေကို ခွင့်ပြုချက်မရှိဘဲ မသင့်တော်တဲ့ ပုံစံမျိုးတွေ ဖန်တီးနေကြတာကို တွေ့ရှိရပါတယ်။ ဒါဟာ ကျောင်းတွင်း အနိုင်ကျင့်မှု (Cyberbullying) တွေအတွက် လက်နက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အခြားသူတစ်ယောက်ရဲ့ ပုံကို အသုံးပြုပြီး AI နဲ့ ပြုပြင်ဖန်တီးတာဟာ ဥပဒေကြောင်းအရရော၊ ကိုယ်ကျင့်တရားအရပါ မလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။Grok ဟာ တစ်ခါတစ်ရံမှာ ပညာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မှားယွင်းစွာ ဖြေကြားတတ်ပြီး၊ ကောလာဟလတွေနဲ့ အခြေအမြစ်မရှိတဲ့ ယုံကြည်ချက်တွေကိုပါ ဖော်ပြတတ်ပါတယ်။ သတင်းတွေအရဆိုရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတဲ့ လူငယ်တစ်ယောက်က Grok ကို တိုင်ပင်တဲ့အခါမှာ မှအန္တရာယ်ရှိတဲ့ အကြံဉာဏ်တွေ (ဥပမာ- အစာလျှော့စားဖို့ အားပေးတာမျိုး) ပေးမိခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

ဒီလို ဂယက်တွေကြောင့် ၂၀၂၆၊ ဇန်နဝါရီ ၂၄ (အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့) မှာ UNICEF က “ Digital Education Strategy 2025-2030” ကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီဗျူဟာမှာ Grok လိုမျိုး AI တွေဟာ ကျောင်းသူကျောင်းသားတွေအတွက် သတင်းအမှား နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တွေ ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

အင်ဒိုနီးရှားနဲ့ မလေးရှားစတဲ့ နိုင်ငံတွေမှာဆိုရင် ဒီ AI ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် ယာယီပိတ်ပင်တာမျိုးတွေအထိ လုပ်ဆောင်ခဲ့ကြပါတယ်။ အခုအခါမှာတော့ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ပြန်လည်ခွင့်ပြုထားပေမဲ့ အသုံးပြုသူတွေဘက်က အသိရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Grok ကို အသုံးပြုမယ်ဆိုရင် Privacy settings ထဲမှာ မိမိရဲ့ အချက်အလက်တွေကို AI လေ့ကျင့်ပေးရာမှာ အသုံးမပြုဖို့ ပိတ်ထားသင့်ပါတယ်။ တကယ်တော့ ဒီအချက်က Grok တင်မကပဲ အခြား AI အသုံးပြုတဲ့ အခါမှာလည်း သတိထားသင့်ပါတယ်။ ဒါ့အပြင် AI က ထုတ်ပေးတဲ့ အဖြေမှန်သမျှကို မယုံကြည်ဘဲ ခိုင်လုံတဲ့ စာတမ်း ဒါမှမဟုတ် ဝဘ်ဆိုဒ်တွေနဲ့ ပြန်လည်တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

နည်းပညာဆိုတာ အသုံးချတတ်ရင် အကျိုးရှိပေမဲ့၊ အခုလို Grok လိုမျိုး အကန့်အသတ်နည်းပါးတဲ့ AI တွေကို အသုံးပြုတဲ့အခါမှာတော့ လူငယ်တွေအနေနဲ့ ပိုပြီး သတိရှိဖို့ လိုအပ်ပါတယ်။

Related Posts