လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်လောက်က သင်္ကြန်ကာလကို ပြန်သတိရကြည့်မိပါသလား။ အဲ့ဒီတုန်းက ပိတောက် ပွင့်ချိန်ဆိုရင် မိုးပြေးလေးတွေကျပြီး လေနုအေးလေးတွေ တိုက်ခတ်တတ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာတော့ သင်္ကြန်မရောက်ခင် ဖေဖော်ဝါရီ၊ မတ်လလောက်ကတည်းက နေက ပူပြင်းလွန်းလှပါတယ်။ အပြင်ထွက်လိုက်ရင် အရေပြားကို မီးနဲ့အကင်ခံရသလို ခံစားရပြီး၊ ညဘက်တွေဆိုရင်လည်း လေအေးပေးစက်မပါဘဲ အိပ်မပျော်နိုင်လောက်အောင် အိုက်စပ်လာတာကို လူတိုင်း သတိထားမိကြမှာပါ။
“ ရာသီဥတုက ဖောက်ပြန်နေပြီ” လို့ ကျွန်တော်တို့ ညည်းတွားလေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ့်အမှန်တရားက ဒီ့ထက်ပိုပြီး ရင်လေးစရာကောင်းပါတယ်။ သိပ္ပံပညာရှင်တွေနဲ့ ကမ္ဘာ့လေထုဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ နောက်ဆုံးတွေ့ရှိချက်တွေအရ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ဒီအပြောင်းအလဲဟာ ခဏတာ ဖောက်ပြန်ခြင်းမျိုး မဟုတ်တော့ပါဘူး။ ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားက ကမ္ဘာကြီးပူနွေးလာမှုကို နောက်ပြန်ဆုတ်ဖို့ (Reversing global warming completely) ဆိုတာ နောက်ကျသွားခဲ့ပါပြီ။
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပြီး၊ စက်မှုခေတ်မတိုင်မီ အပူချိန်ထက် ၁.၅၅ ဒီဂရီစင်တီဂရိတ် (1.55°C) ခန့် မြင့်တက်လာခဲ့တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က အတည်ပြုထားပါတယ်။ ၂၀၁၅ ခုနှစ်ရဲ့ ပဲရစ်သဘောတူညီချက် (Paris agreement) မှာ ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီထက် မကျော်အောင် ထိန်းထားမယ်လို့ ကတိပြုခဲ့ကြပေမဲ့ လက်တွေ့မှာတော့ ကျွန်တော်တို့ဟာ အဲဒီမျဉ်းနီကို ကျော်နင်းမိလုနီးပါး ဖြစ်နေပါပြီ။
ဒါကို ပြန်ပြင်လို့မရတော့ဘူး (Irreversible) လို့ ဘာကြောင့် ပြောရသလဲဆိုတော့ ကျွန်တော်တို့ လေထုထဲကို လွှတ်ထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ဓာတ်ငွေ့တွေကြောင့်ပါပဲ။ ဒီဓာတ်ငွေ့တွေဟာ လေထုထဲမှာ နှစ်ပေါင်းရာချီ၊ ထောင်ချီပြီး တည်ရှိနေနိုင်ပါတယ်။ ဆိုလိုတာက ဒီနေ့ပဲ ကမ္ဘာပေါ်မှာရှိတဲ့ စက်ရုံတွေ၊ ကားတွေအားလုံးကို ရပ်တန့်လိုက်ရင်တောင်မှ လေထုထဲမှာ ရှိပြီးသား အပူငွေ့တွေက ချက်ချင်း ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ပင်လယ်ရေတွေကလည်း အပူကို စုပ်ယူထားပြီးဖြစ်တဲ့အတွက်ကြောင့် ရေခဲတောင်တွေ အရည်ပျော်တာကို ရပ်တန့်ဖို့ဟာလည်း ခက်ခဲနေဦးမှာပါ။
နောက်ထပ် အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အချက်ကတော့ “ Tipping Points” လို့ခေါ်တဲ့ ပြန်လှည့်လို့ မရတော့မယ့် အချိုးအကွေ့ အမှတ်တွေကို ကျွန်တော်တို့ ကျော်လွန်သွားနိုင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ “ Tipping Point” ဆိုတာကို မြင်သာအောင် ပြောရရင် တောင်စောင်းတစ်ခုပေါ်ကနေ ကျောက်တုံးကြီးတစ်တုံးကို တွန်းချလိုက်သလိုပါပဲ။ ကျောက်တုံး စတင် လိမ့်ဆင်းသွားပြီဆိုတာနဲ့ ကျွန်တော်တို့ ဘယ်လောက်ပဲ အားကုန်သုံးပြီး တားဆီးပါစေ၊ အရှိန်နဲ့ လိမ့်ဆင်းသွားမယ့် ဖြစ်စဉ်ကို ရပ်တန့်လို့ မရတော့ပါဘူး။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ကျွန်တော်တို့ကမ္ဘာကြီးဟာ ဒီလို ကြောက်စရာကောင်းတဲ့ အန္တရာယ်မျဉ်းနီ အနားကို စိုးရိမ်ဖွယ်ကောင်းလောက်အောင် ကပ်နေပြီလို့ ဆိုပါတယ်။
ဥပမာအားဖြင့် ကမ္ဘာ့ရဲ့အသည်းနှလုံးလို့ တင်စားကြတဲ့ အမေဇုန် (Amazon) သစ်တောကြီးကို ကြည့်ပါ။ အပူချိန် သတ်မှတ်ချက်တစ်ခုကို ကျော်လွန်သွားတာနဲ့ ဒီသစ်တောကြီးဟာ လူတွေ သစ်ခုတ်စရာမလိုဘဲ သူ့အလိုလို ခြောက်သွေ့ပျက်စီးပြီး စိုစွတ်တဲ့ မိုးသစ်တောအဖြစ်ကနေ ခြောက်သွေ့တဲ့ မြက်ခင်းပြင်အဖြစ်ကို အပြီးအပိုင် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့အပြင် သမုဒ္ဒရာ ဂေဟစနစ်အတွက် အသက်တမျှ အရေးကြီးတဲ့ သန္တာကျောက်တန်းတွေဟာလည်း ရေအပူချိန် အနည်းငယ် ထပ်တက်လာတာနဲ့ တပြိုင်နက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မျိုးသုဉ်း ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ မြင့်တက်နေဆဲဖြစ်တဲ့ အပူချိန်ကြောင့် နှစ်ပေါင်းများစွာကြအောင်တည်ရှိနေတဲ့ ရေခဲတောင်ကြီးတွေဟာလည်း အရည်ပျော်ကျပြီး ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီလိုမျိုး Tipping point တွေကိုသာ ကျွန်တော်တို့ ကျော်ဖြတ်သွားခဲ့ရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ မှတ်မိလို့မရနိုင်တဲ့ နေရာတစ်ခုအဖြစ်ပြောင်းလဲသွားမှာပါ။
မြန်မာနိုင်ငံမှာဆိုရင်လည်း အပူရှိန်ကြောင့် စိုက်ပျိုးရေးရာသီဥတုတွေ ပြောင်းလဲလာပြီး မိုးခေါင်ရေရှားမှုတွေ ပိုဆိုးရွားလာတာကို တွေ့မြင်နေရပါတယ်။ ၁၉၈၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း မြန်မာ့ပျမ်းမျှအပူချိန်ဟာ ၀.၂၅ ဒီဂရီစင်တီဂရိတ် မြင့်တက်ခဲ့ပြီး ကမ်းရိုးတန်းဒေသတွေမှာ ပိုမိုသိသာထင်ရှားလာပါတယ်။
ဒီသတင်းဆိုးတွေကို ဖတ်ရတာ စိတ်ဓာတ်ကျစရာ ကောင်းနေနိုင်ပါတယ်။ ဒါဆို ကျွန်တော်တို့ ဘာမှလုပ်လို့ မရတော့ဘူးလား။ လက်မြှောက်အရှုံးပေးလိုက်ရတော့မှာလား။
လုံးဝ မဟုတ်ပါဘူး။ “ လုံးဝပြန်ပြင်လို့ မရတော့ဘူး” ဆိုတာက ကမ္ဘာကြီးကို လွန်ခဲ့တဲ့ နှစ် ၁၀၀ က အခြေအနေအတိုင်း ပြန်ရောက်အောင် လုပ်ဖို့ မဖြစ်နိုင်တော့တာကို ဆိုလိုတာပါ။ ဒါပေမဲ့ “ ပိုဆိုးမသွားအောင် တားဆီးဖို့” ဆိုတာကတော့ ကျွန်တော်တို့ လက်ထဲမှာ ရှိပါသေးတယ်။
ကားတစ်စီးက ကုန်းဆင်းမှာ ဘရိတ်ပေါက်ပြီး ဆင်းနေတယ်လို့ မြင်ယောင်ကြည့်ပါ။ ကုန်းထိပ်ကို ပြန်မတက်နိုင်တော့ပေမဲ့၊ ချောက်ထဲမကျအောင် စတီယာရင်ကို ထိန်းပြီး ဘေးကင်းရာကို ဦးတည်လို့ ရပါသေးတယ်။ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် အဓိကအချက်က လိုက်လျောညီထွေ နေထိုင်ခြင်း (Adaptation) နဲ့ လျော့ချခြင်း (Mitigation) တို့ပါပဲ။
ကျွန်တော်တို့အနေနဲ့ အပူဒဏ်ခံနိုင်တဲ့ သီးနှံတွေကို ပြောင်းပြီး စိုက်ရမယ်၊ ရေကြီးရေလျှံမှုတွေအတွက် ကြိုတင်ပြင်ဆင်ရမယ်၊ သစ်တောတွေကို အစွမ်းကုန် ပြန်လည်ထိန်းသိမ်းရပါမယ်။ ပြီးရင် ကျွန်တော်တို့ရဲ့ individual carbon footprint တွေဖြစ်တဲ့ ကားမောင်းတာတွေ၊ လျှပ်စစ်ပစ္စည်းတွေသုံးစွဲတာ၊ အသားငါးအများကြီးစားတာတွေကို လျှော့ချဖို့လိုအပ်ပါတယ်။
ကမ္ဘာကြီးပူနွေးမှုကို လုံးဝ ပြန်လှည့်လို့မရနိုင်တော့ပေမဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် နေချင်စရာ ကမ္ဘာတစ်ခုအဖြစ် ကျန်ရှိနေအောင်တော့ ကျွန်တော်တို့ ကြိုးစားခွင့် ရှိပါသေးတယ်။
ဒါကြောင့် အိမ်အပြင်ထွက်လို့ နေပူရှိန်ကို ခံစားရတိုင်း “ ရာသီဥတု ပူလိုက်တာ” လို့ ညည်းတွားမယ့်အစား၊ “ ငါ ဒီအခြေအနေမှာ ဘယ်လို ပိုကောင်းအောင် နေထိုင်မလဲ၊ သစ်ပင်တစ်ပင်လောက် ပိုစိုက်လိုက်ရင် ကောင်းမှာပဲ” ဆိုတဲ့ အတွေးလေးတွေ ဝင်လာစေချင်ပါတယ်။ အခြေအနေက နောက်ကျနေပြီဆိုပေမဲ့ လုံးဝ အဆုံးသတ်သွားတာတော့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ရပ်တိုင်းဟာ အရေးပါနေဆဲ ပါပဲ။





