ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးရဲ့ မျက်နှာပြင် သုံးပုံနှစ်ပုံကို ပင်လယ်သမုဒ္ဒရာတွေနဲ့ ဖုံးလွှမ်းထားတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒါပေမဲ့ အဲဒီရေပြင်ကျယ်ကြီးရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာ ဘာတွေရှိနေမလဲဆိုတာ စိတ်ကူးကြည့်ဖူးပါသလား။ နေရောင်ခြည်တောင် မရောက်နိုင်အောင် နက်ရှိုင်းပြီး မှောင်မိုက်နေတဲ့ ပင်လယ်ကြမ်းပြင်မှာ သဘာဝရဲ့ ဆန်းကြယ်တဲ့သတ္တဝါတွေဟာ ကိုယ်ပိုင်မီးအိမ်လေးတွေနဲ့ သွားလာနေကြပါတယ်။
ပင်လယ်ပြင်ရဲ့ အလွှာများ (The Ocean Zones)
ပင်လယ်ဆိုတာ ရေပြင်ညီအတိုင်း ပြန့်ကားနေတာတင် မဟုတ်ဘဲ အနက်ဘက်ကိုသွားလေ ထူးခြားလေပါပဲ။ ပင်လယ်ရေထုကို အလွှာ (Zones) ၅လွှာအဖြစ် ခွဲခြားထားပါတယ်။
Sunlight Zone (နေရောင်ခြည်ရ ဇုန်)
ဒါဇုန်ကတော့ ကျွန်ုပ်တို့ ရေကူး၊ ရေငုပ်လေ့ရှိတဲ့ အပေါ်ယံအလွှာပါ။ နေရောင်ကောင်းကောင်းရလို့ ငါးတွေ၊ သန္တာကျောက်တန်းတွေနဲ့ စည်ကားနေတဲ့ နေရာပေါ့။
Twilight Zone (ဆည်းဆာ ဇုန်)
ပေ ၆၆၀ အောက် ရောက်သွားရင်တော့ အလင်းရောင် မှိန်ပျပျပဲရတဲ့ ဆည်းဆာဇုန်ကို ရောက်ပါပြီ။ ဒီမှာ ဆည်းဆာချိန် လိုမျိုး အမြဲတမ်း မှုန်ဝါးဝါး ဖြစ်နေတတ်ပါတယ်။
Midnight Zone (သန်းခေါင်ယံ ဇုန်)
ပေ ၃၃၀၀ အောက်ကို ရောက်သွားပြီဆိုရင်တော့ နေရောင်ခြည် လုံးဝမရှိတော့ပါဘူး။ ညသန်းခေါင်ယံလိုမျိုး မှောင်မိုက်နေတဲ့ ကမ္ဘာကြီးတစ်ခုလိုဖြစ်သွားပါပြီ။
Abyssal zone and hadal zone (ချောက်ကမ်းပါးဇုန် နဲ့ ဟဒယ်ဇုန်)
ဒီဇုန်နှစ်ခုဟာ အရမ်းကိုနက်ပြီး ရေဖိအားအလွန်များတာကြောင့် သက်ရှိအနည်းငယ်သာ အသက်ရှင်နိုင်ပါတယ်။ ပေ ၁၃,၀၀၀ နဲ့ ပေ ၂၀,၀၀၀ အောက်မှာ အသီးသီးတည်ရှိပြီး ခေတ်မီနည်းပညာတွေရှိတဲ့ သိပ္ပံပညာရှင်တွေအတွက်တောင် လေ့လာရခက်တဲ့ နေရာတွေပါ။

ဒီလိုမျိုး မဲမှောင်နေတဲ့နေရာမှာ သတ္တဝါတွေ ဘယ်လိုအသက်ရှင်ကြလဲ။ လမ်းဘယ်လိုမြင်မလဲ။ ဒီမေးခွန်းရဲ့ အဖြေကတော့ သူတို့ဟာ ကိုယ်ပိုင်အလင်းရောင် ထုတ်လွှတ်နိုင်စွမ်း (Bioluminescence) ရှိကြလို့ပါပဲ။
အမှောင်ထုထဲက “ ဇီဝအလင်းရောင်” (Bioluminescence)
Bioluminescence ဆိုတာ သက်ရှိသတ္တဝါတွေက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဓာတုဗေဒတုံ့ပြန်မှုတွေကြောင့် အလင်းရောင်ထုတ်လွှတ်တာကို ခေါ်တာပါ။ အနီးစပ်ဆုံး ဥပမာပေးရရင် ညဘက်တောရွာတွေမှာ မြင်ရတတ်တဲ့ ပိုးစုန်းကြူးလေးတွေ ဖြစ်ပါတယ်။
ဒီအလင်းရောင်ဟာ အပူထွက်ခြင်းမရှိတာကြောင့် အေးမြတဲ့ အလင်းရောင် (Cold Light) လို့ခေါ်ပြီး ပင်လယ်နက်ထဲက သတ္တဝါ ၉၀% လောက်ဟာ ဒီလို အလင်းထုတ်နိုင်စွမ်းရှိတယ်လို့ တချို့သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
သူတို့ ဘာကြောင့် မီးလင်းကြတာလဲ?
ပင်လယ်နက် သတ္တဝါတွေဟာ အလင်းရောင်ကို အလှပြဖို့ သက်သက်သုံးတာ မဟုတ်ပါဘူး။ ဒါက သူတို့ရဲ့ အသက်ရှင်ရပ်တည်မှုအတွက် အလွန်အရေးပါတဲ့ ဇီဝလက်နက်တစ်ခု ဖြစ်ပါတယ်။ အဲဒီ အလင်းရောင်ဇီဝလက်နက် ကလေးဟာ အစားအစာရှာဖွေဖို့၊ ရန်သူကိုလှည့်စားဖို့၊ ဘေးအန္တရယ်ကိုရှောင်ကွင်းဖို့ရာအတွက် ရုပ်ဖျက်ဖို့ နဲ့ အချင်းချင်း ဆက်သွယ်ဖို့ အသုံးချကြတာဖြစ်ပါတယ်။
အစာရှာဖွေဖို့ရာ အတွက် အသုံးပြုတဲ့ အထင်ရှားဆုံး ဥပမာကတော့ Anglerfish ပါပဲ။ သူ့ရဲ့ ခေါင်းပေါ်မှာ အလင်းရောင်လက်နေတဲ့ အမျှင်တံလေး ပါရှိပြီး အမှောင်ထဲမှာ စပ်စုချင်တဲ့ ငါးလေးတွေက အဲဒီအလင်းရောင်နားကို ကပ်လာပြီးပတ်ဝန်းကျင်ကို သိပ်အာရုံမစိုက်ဘဲနေတဲ့အချိန်မှာ Anglerfish က သူတို့ကို မျက်စိတစ်မှိတ်အတွင်းမှာ တစ်လုပ်တည်း မျိုချလိုက်ပါတယ်။ Anglerfish တွေဟာ အရမ်းနက်တဲ့ ပင်လယ်အောက်ခြေမှာနေတဲ့အတွက် သိပ္ပံပညာရှင်တွေက သိပ်မလေ့လာရသေးပေမဲ့ သူတို့ရဲ့ အမဲလိုက်နည်းပညာဟာ အကောင်းဆုံးထဲကတစ်ခုလို့ သုံးသပ်ကြပါတယ်။
တချို့သော ပုစွန်ဆိတ်တွေနဲ့ ပြည်ကြီးငါးတွေက ရန်သူလိုက်လာရင် တောက်ပတဲ့ အလင်းရောင်ကို ရုတ်တရက် ထုတ်လွှတ်နိုင်ကြပါတယ်။ ရန်သူက အလင်းရောင်ကြောင့် မျက်စိကျိန်းပြီး မူးနေတဲ့အချိန်မှာ ဘေးကင်းရာကို ထွက်ပြေးလွတ်မြောက်ကြဖို့အတွက် ရန်သူကို လှည့်စားကြတာဖြစ်ပါတယ်။
ရေတိမ်ပိုင်းတွေမှာ ပင်လယ်အပေါ်ပိုင်းကနေ လှမ်းကြည့်ရင် အောက်ဘက်က ရေပြင်ဟာ မဲမှောင်နေပေမဲ့၊ အောက်ကနေ အပေါ်ကို မော့ကြည့်ရင်တော့ မျက်နှာပြင်က လာတဲ့ အလင်းရောင် လေးတွေ ရှိနေတတ်ပါတယ်။ ငါးမန်းလို သားရဲတွေက အောက်ကနေ မော့ကြည့်ပြီး သားကောင်ရှာလေ့ရှိပါတယ်။ ဒီအခါ တချို့ငါးတွေက သူတို့ရဲ့ ဗိုက်အောက်ပိုင်းကို ရေပြင်ပေါ်က အလင်းရောင်နဲ့ တူအောင် မီးလင်း ပြီး ရုပ်ဖျက်ထားလိုက်ပါတယ်။ ဒါကြောင့် အောက်က ရန်သူတွေက ဒီငါးတွေကို အပေါ်ရေပြင်နဲ့ခွဲခြားမရအောင် ဖြစ်သွား ပြီး ဘေးကင်းဖို့ လုပ်ဆောင်ကြတာဖြစ်ပါတယ်။
အချင်းချင်းဆက်သွယ်ရန်
ပင်လယ်နက်ပိုင်းရဲ့ အမှောင်ထုထဲမှာ ကိုယ့်ရဲ့ မျိုးစိတ်တူ အဖော်ကို ရှာဖွေဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် Lanternfish လို ငါးမျိုးတွေမှာ သူတို့ရဲ့ ကိုယ်ထည်ပေါ်မှာ အလင်းထုတ်ပေးတဲ့ အစက်လေးတွေ (Photophores) အသီးသီး ပါရှိကြပါတယ်။ ဒီအလင်းစက်လေးတွေရဲ့ တည်နေရာနဲ့ လင်းတဲ့ပုံစံဟာ မျိုးစိတ်တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ဒီအလင်းရောင်တွေကို ကြည့်ပြီး မိမိနဲ့ မျိုးစိတ်တူတဲ့ အချင်းချင်းဆက်သွယ်ကာ အုပ်စုထဲကို ပူးပေါင်းတာ ဒါမှမဟုတ် မိတ်လိုက်ဖို့အတွက် အဖော်ရှာဖွေတာတွေကို ပြုလုပ်ကြပါတယ်။
ပင်လယ်အောက်က ကမ္ဘာကြီးဟာ ကျွန်ုပ်တို့ ထင်ထားတာထက် ပိုပြီး ဆန်းကြယ်လှပပါတယ်။ နေရောင်မရှိတဲ့ အမှောင်ထုထဲမှာတောင် သတ္တဝါတွေက အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံရှာပြီး ရှေ့ဆက်သွားနေကြတာပါ။ စာဖတ်သူပရိသတ်များ အနေနဲ့ ဘဝမှာ နေ့အလင်းရောင် ကွယ်ပျောက်သလိုဖြစ်ခဲ့ရင် တောင် ဒီသတ္တဝါလေးတွေကို အတုယူပြီး ကိုယ့်အလင်းရောင်နဲ့ကိုယ် နေနိုင်၊ တောက်ပ နိုင်အောင် စိတ်ခွန်အားတွေ ရနိုင်ကြပါစေ။





