ယခုနှစ် Davos မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF 2026) ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ဆွေးနွေးမှုတစ်ခုကတော့ နည်းပညာလောကရဲ့ ထိပ်သီးနှစ်ဦးဖြစ်တဲ့ NVIDIA မှ Jensen Huang နဲ့ Elon Musk တို့ရဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။ နှစ်ဦးစလုံးက AI (Artificial Intelligence) ကို ရိုးရိုးတန်းတန်း “ အထောက်အကူပြု ကိရိယာ” (Tool) တစ်ခုအနေနဲ့ ရှုမြင်မယ့်အစား နိုင်ငံတစ်ခုအတွက် လျှပ်စစ်မီး သို့မဟုတ် လမ်းတံတားများကဲ့သို့ “ မရှိမဖြစ် နိုင်ငံတော်အဆင့် အခြေခံအဆောက်အအုံ” (Essential National Infrastructure) အနေနဲ့ သတ်မှတ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
NVIDIA CEO Jensen Huang က AI ကို ၁၉ ရာစုက လျှပ်စစ်မီး တော်လှန်ရေးနှင့် နှိုင်းယှဉ်ပြခဲ့ပါတယ်။ သူ့ အမြင်အရဆိုရင် အနာဂတ်မှာ နိုင်ငံတိုင်းမှာ ကိုယ်ပိုင် Data Center ကြီးများ သို့မဟုတ် AI စက်ရုံတွေ ရှိရမယ်။ နိုင်ငံတစ်ခု၏ အချက်အလက် (Data) နဲ့ ယဉ်ကျေးမှုကို အခြေခံသည့် AI စနစ်ကို နိုင်ငံက ကိုယ်တိုင်ပိုင်ဆိုင်ရန် လိုအပ်တဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။
AI ကို နည်းပညာတစ်ခုထက် “ စက်မှုတော်လှန်ရေး အသစ်” တစ်ခုအဖြစ် သူက ရှုမြင်ပါတယ်။ “ အရင်တုန်းက စက်ရုံတွေဟာ ကုန်ပစ္စည်းတွေကို ထုတ်လုပ်ခဲ့ကြတယ်။ အခုတော့ AI Factory တွေဟာ ‘အသိဉာဏ်’ (Intelligence) တွေကို အတိုင်းအဆမရှိ ထုတ်လုပ်ပေးတော့မှာပါ။ ဒါဟာ ကမ္ဘာ့စီးပွားရေးရဲ့ ပုံစံသစ်ပဲ ဖြစ်ပါတယ်။”
လူအများ စိုးရိမ်နေကြတဲ့ အလုပ်အကိုင် ကိစ္စနဲ့ ပတ်သက်ပြီး သူက အပြုသဘောဆောင်တဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။ “ AI က အလုပ်အကိုင်တွေကို အလုံးစုံ ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ AI ကို ကျွမ်းကျင်စွာ အသုံးချနိုင်တဲ့ လူတစ်ယောက်က AI ကို အသုံးမချတတ်တဲ့လူထက် အများကြီး သာလွန်သွားပါလိမ့်မယ်။”
“ အခုခေတ်မှာ ကွန်ပျူတာတွေဟာ ကျွန်တော်တို့ ခိုင်းတာကိုပဲ လုပ်တာ မဟုတ်တော့ဘဲ၊ ကျွန်တော်တို့ ဘာလိုအပ်တယ်ဆိုတာကိုပါ ကြိုတင် ခန့်မှန်းတွက်ချက်ပေးနိုင်တဲ့ အဆင့်ကို ရောက်ရှိလာပါပြီ။”
Elon Musk ကလည်း AI ကို စီးပွားရေးလုပ်ငန်းများအတွက်သာမကပဲ လူသားမျိုးနွယ်ရဲ့ အသိပညာ ဗဟုသုတတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ ဂြိုဟ်အချင်းချင်း ကူးလူးဆက်သွယ်နိုင်တဲ့ ခေတ်သစ်ကို တက်လှမ်းဖို့ အခြေခံကျတဲ့ နည်းပညာဖြစ်တဲ့ အကြောင်း ပြောခဲ့ပါတယ်။
Davos မှာ သူတို့နှစ်ဦးစလုံး သဘောတူခဲ့တဲ့ နောက်တစ်ချက်ကတော့ “ AI က လူကို အစားထိုးမှာမဟုတ်ဘဲ၊ AI သုံးတတ်တဲ့လူက AI မသုံးတတ်တဲ့လူကို အစားထိုးလိမ့်မယ်” ဆိုတဲ့အချက်ပါ။
အစိုးရတွေအနေနဲ့ AI Infrastructure ဆောက်ရုံတင်မကဘဲ လူငယ်တွေကို AI Literacy (AI နားလည်တတ်ကျွမ်းမှု) ရှိအောင် ပညာရေးစနစ်ကို ပြောင်းလဲဖို့ကလည်း အခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်းရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။




