Artificial Intelligent လို့ခေါ်တဲ့ ဉာဏ်ရည်တု (AI) နည်းပညာဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝထဲကို အရှိန်အဟုန်နဲ့ဝင်ရောက်လာနေပြီး ပညာရေးကဏ္ဍကိုလည်း ပြောင်းလဲမှုတွေ ယူဆောင်လာနေပါတယ်။ ပညာရေးနယ်ပယ်မှာ ကျောင်းသူ ကျောင်းသားတွေက စလို့၊ ပညာရေးစီမံခန့်ခွဲသူတွေ နဲ့ ကောလိပ်နဲ့ တက္ကသိုလ်အုပ်ချုပ်သူတွေ အဆုံး AI ကို အသုံးချလာကြတာ ပိုများလာတဲ့အခါ “ AI က ဆရာဆရာမတွေကို စာသင်ခန်းထဲကနေ ထုတ်ပစ်တော့မလား” ဆိုတဲ့ မေးခွန်းလည်း ပေါ်လာပါတယ်။
တကယ်တော့ အဖြေက ရိုးရိုးရှင်းရှင်း ဟုတ်တယ်၊ မဟုတ်ဖူး ဆိုတဲ့ အနေအထားတော့မဟုတ်ပါဘူး။ AI ဟာ ဆရာ တစ်ယောက်ရဲ့ နေရာကို အလုံးစုံ ဝင်ရောက် မယူနိုင်ပေမဲ့ ဆရာတစ်ယောက်ရဲ့ စွမ်းရည်ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်တဲ့ အထောက်အကူပြု နည်းပညာတစ်ခု ဖြစ်ပါတယ်။
AI ကို အမှန်တကယ်နားလည်ပြီး ထိထိရောက်ရောက် အသုံးချတတ်မယ်ဆိုရင် ဆရာ၊ ဆရာမများ အတွက် အကောင်းဆုံး မိတ်ဆွေ ဖြစ်နိုင်ပြီးတော့ စာသင်ခန်းထဲမှာ ဆရာဆရာမတွေအတွက် အလွန်အသုံး၀င်ပါတယ်။ စာသင်ခန်း ထဲက ဆရာ၊ဆရာမ တွေ အတွက် AI က ဘာတွေ လုပ်ပေးနိုင်သလဲ ကြည့်ကြရအောင်ပါ။
အလိုအလျောက် စာမေးပွဲစစ်ဆေးခြင်း
ဆရာဆရာမတွေဟာ စာမေးအဖြေလွှာတွေ၊ အိမ်စာတွေကို ညဦးပိုင်းအထိ စစ်ရတဲ့ဒဏ်ကနေ လွတ်မြောက်သွားနိုင်ပါတယ်။ AI က သူ့ဆီမှာမှတ်ထားတဲ့ အဖြေတွေနဲ့ ကျောင်းသားတွေ ဖြေထားတဲ့ အဖြေတွေကို တိုက်စစ်ပြီး၊ ကျောင်းသားအများစု မှားနေတဲ့ မေးခွန်းတွေကို ဆရာဆရာမတွေဆီ အလိုအလျောက် အစီရင်ခံပေးနိုင်ပါတယ်။
တစ်ဦးချင်းစီအတွက် စိတ်ကြိုက်သင်ရိုးညွှန်းတမ်း
ကျောင်းသား တစ်ယောက်ချင်းစီရဲ့ အားနည်းချက်၊ အားသာချက်ကို AI က ခွဲခြမ်းစိတ်ဖြာပြီး၊ သူတို့အတွက် သီးသန့် လေ့ကျင့်ခန်းတွေ၊ ရှင်းလင်းချက်တွေ ပြုလုပ်ပေးနိုင်ပါတယ်။ စာသင်ခန်းထဲမှာ ကျောင်းသားတိုင်းကို ကျောင်းသား တစ်ဦးချင်းစီ ရဲ့ ဥာဏ်ရည် နဲ့ စာလိုက်စွမ်း အပေါ် မူတည်ပြီး သူ့နည်းသူ့ဟန်နဲ့ လေ့လာသင်ကြားနိုင် တာမျိုးပါ။
သင်ကြားရေးဆိုင်ရာ အကြံဉာဏ်များ
AI က ဆရာဆရာမတွေအတွက် သင်ခန်းစာအသစ်၊ ပဟေဠိအသစ်တွေ၊ နားလည်ရလွယ်တဲ့ ဥပမာတွေကို စက္ကန့်ပိုင်းအတွင်း ဖန်တီးပေးနိုင်ပါတယ်။
ဒီအချက်တွေကို ကြည့်ရင် AI ဟာ ဆရာဆရာမတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို သက်သာစေပြီး၊ AI က မလုပ်ပေးနိုင်တဲ့ လူ့စိတ်ကူးဉာဏ် ကွန့်မြူးပြီး တွေးတောကြံဆ ကဏ္ဍရပ်တွေနဲ့၊ ကလေးတွေ နဲ့ ကျောင်းသား ကျောင်းသူတွေ အတွက် ပိုမိုကောင်းမွန်တဲ့ ဘေးကင်းလုံခြုံတဲ့ စာသင်ခန်းဖြစ်ဖို့၊ ပျော်ရွှင် အမှတ်ရစရာ စာသင်ခန်းဖြစ်ဖို့ ပိုပြီးအာရုံစိုက်လို့ရအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
ဒါပေမယ့် စာသင်ခန်းထဲမှာ AI နဲ့ အစားထိုးလို့ မရနိုင်မဲ့ အရာတွေ အမြောက်အများ ရှိနေပါသေးတယ်။
စာနာနားလည်မှု နှင့် ခံစားချက်
ကျောင်းသားကျောင်းသူတစ်ယောက် စိတ်ဓာတ်ကျနေတဲ့အခါ၊ အိမ်မှာပြဿနာရှိနေတဲ့အခါ AI က ဆရာ၊ ဆရာမတွေလို သူတို့ရဲ့ မျက်လုံးထဲက ဝမ်းနည်းမှု၊ အားငယ်မှုတွေ ကို မမြင်နိုင်ပါဘူး။ ဆရာကောင်းတစ်ယောက်ရဲ့ နွေးထွေးတဲ့ ဆက်ဆံမှုတွေ၊ အားပေးစကားတွေကို AI က မပေးနိုင်ပါဘူး။
ဆန်းသစ်တီထွင်မှု
ဆရာကောင်းတွေဟာ သင်ခန်းစာကို ပျော်စရာဖြစ်အောင်၊ စိတ်လှုပ်ရှားစရာဖြစ်အောင် သင်ကြားနိုင်စွမ်းရှိပါတယ်။ သူတို့ရဲ့ ဟာသဉာဏ်၊ ပင်ကိုယ်စွမ်းရည်၊ အတွေ့အကြုံကနေ ပေါ်ထွက်လာတဲ့ သင်ကြားနည်းတွေကို AI က အတုခိုးလို့ မရနိုင်ပါဘူး။
လူမှုရေး စွမ်းရည်
စာသင်ခန်းဟာ ကျောင်းသားတွေ အတူတကွ ပူးပေါင်းလုပ်ဆောင်တတ်ဖို့၊ အငြင်းပွားမှု နဲ့ လူမှုပြသနာတွေကို ကောင်းမွန်စွာ ဖြေရှင်းတတ်ဖို့ သင်ယူရာနေရာပါ။ ဒီလူမှုရေးစွမ်းရည်တွေကို သင်ကြားပေးဖို့အတွက် ဆရာတွေရဲ့ လမ်းညွှန်မှုကို AI က အစားထိုးလို့ မရနိုင်ပါဘူး။
ဒါကြောင့် AI ဟာ ဆရာဆရာမတွေရဲ့ နေရာကို လာယူမယ့် အရာတစ်ခုမဟုတ်ပဲ ပိုမိုကောင်းမွန်တဲ့ သင်ကြားရေးအတွက် ဆရာတွေရဲ့ အားကိုးအားထားရတဲ့ နည်းပညာတစ်ခုဖြစ်ပြီးတော့ မဝေးတဲ့ အနာဂတ် ကာလမှာ အောင်မြင်တဲ့ စာသင်ခန်းဆိုတာဟ AI ရဲ့ တိကျမြန်ဆန်တဲ့ ခွဲခြမ်းစိတ်ဖြာမှုနဲ့ ဆရာဆရာမတွေရဲ့ လူ့စိတ်ကူးစိတ်သန်းနဲ့ စာနာနားလည်မှုတို့ ပေါင်းစပ်ထားတဲ့ နေရာတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။





